ပြည်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

ပြည် မေ ၂၇

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ်တွင် ၂၀၂၁ -၂၀၂၂ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ယနေ့နံနက် ၈ နာရီခွဲအချိန်က ပြည်မြို့ အ-ထ-က(၁) သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌကိုယ်စား ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းသိန်း က "၂၁ရာစုဟာ ပညာခေတ်ဖြစ်တာနှင့်အညီ ကမ္ဘာပေါ်က ဘယ်နိုင်ငံဘယ်ဒေသမှာမဆို ပညာရေးက အရေးကြီးလှပါ‌ကြောင်း၊ မိမိတို့နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကြောင့် ကျောင်းတွေပိတ်ထားရတာ တစ်နှစ်ကျော်ရှိခဲ့ပြီဖြစ်ကြောင်း၊ ယခုလည်း ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် ကျောင်းအပ်နှံရေး ရက်သတ္တပတ်ကာလမှာ ကိုဗစ်-၁၉ကာကွယ်တားဆီးရေး ဗားရှင်း(၄.ဝ)နှင့်အညီ ပြင်ဆင်ဆောင်ရွက်ပြီး ဖွင့်လှစ်သွားမှာဖြစ်ကြောင်း" စသည်ဖြင့် အဖွင့်အမှာစကားပြောကြားပြီး ဒုတိယမြို့နယ် ပညာရေးမှူး ဦးအောင်နိုင်ထွန်းက  ကျောင်းအပ်နှံရေးနေ့ဆိုင်ရာ၊ ပညာရေးဆိုင်ရာ အကြောင်းအရာများနှင့် ကျောင်းသားကျောင်းသူများ‌ အေးချမ်းလုံခြုံစွာ ပညာသင်ကြားနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက တက်ရောက်လာသော ပြည်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၊ ဘကကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများထံ  နိုင်ငံတော်မှ အခမဲ့‌ ထောက်ပံ့ပေးသော ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့် ဗလာစာအုပ်များ ပေးအပ်သည်။

ပြည်မြို့နယ်တွင် အခြေခံပညာကျောင်း(၁၈၈)ကျောင်း၊ ဘကကျောင်း (၁၆)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း(၂၁)ကျောင်းရှိပြီး အဆိုပါကျောင်းများတွင် ယခုနှစ် မေလ ၂၄ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်ကာလအတွင်း ကျောင်းအပ်လက်ခံခြင်း ဆောင်ရွက်လျက်ရှိရာ မေလ ၂၆ရက်နေ့အထိ ကျောင်းအပ်နှံသူ စုစုပေါင်း (၄၃၅၅)ဦးရှိပြီ၍ ကျောင်းအပ်နှံမှု ၁၂ရာခိုင်နှုန်းရှိပြီဖြစ်ကြောင်း၊ အဆိုပါ အပ်နှံသူ ကျောင်းသား/ကျောင်းသူ များကို တစ်ဦးလျှင် ပုံနှိပ်စာအုပ်များနှင့် ဗလာစာအုပ်တစ်ဒါဇင်စီ နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးအပ်ပါကြောင်း၊ ကျောင်းများစတင်ဖွင့်လှစ်မည့် ယခုနှစ် ဇွန်လ ၁ ရက်နေ့တွင်လည်း ကိုဗစ်(၁၉)စည်းကမ်းချက်များအတိုင်း ကျောင်းသားကျောင်းသူများအား ကျောင်းခန်းပြင်ပ သွားလာရာတွင် ခြောက်ပေအကွာ သွားလာစေပြီး လက်ဆေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်းတို့ကိုလည်း ဆောင်ရွက်ထားရှိကြောင်းနှင့် ကျောင်းခန်း အတွင်း၌လည်း တစ်ဦးနှင့်တစ်ဦး လေးပေခြားစီထိုင်၍ ပညာသင်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း ဒုတိယမြို့နယ်ပညာရေးမှူး ဦးနိုင်အောင်ထွန်းက ပြောကြားသည်။

ပြည်ခရိုင်(ပြန်/ဆက်)