တောင်ဥက္ကလာပ မေ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညွန့်ဦးနှင့် ဝန်ထမ်းများသည်ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ယနေ့နံနက်(၉:၃၀) အချိန်ကစတင်၍ အမှတ်(၆)ရပ်ကွက်နှင့် အမှတ်(၉)ရပ်ကွက်များသို ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက် ဆောင်ရွက်ရာတွင် လက်ရှိဒေသ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းမရှိ/ ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်း နေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေ စာရင်းရှိပြီး လက်ရှိဒေသ၌ ကိုင်ဆောင်လက်မှတ်မရှိသူ များအတွက် ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသ/လက်ရှိဒေသတွင် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စုစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများအတွက် ဆောင်ရွက်ပေးခြင်း စသည့်နည်းလမ်းများဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက် ပေးသွားမည် ဖြစ်သည်။
ထိုသို့ ရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်နေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်မိုးအောင်နှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုစစ်ဆေး အားပေးခဲ့ပြီး တောင်ဥက္ကလာပ မြို့နယ်တွင် မြေပြင်ရှိ အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ရန် ကျန်ရှိသည့် လူဦးရေ (၇၀၀၀)ကျော်ခန့်အား ပန်းခင်းစီမံချက်ဖြင့် မေလ ပထမအပတ်မှစ၍ ၁၈ လကြာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ သိရသည်။
ခင်ဆွေနှင်း (ပြန်/ဆက်)