မြိုင် မေ ၂၇
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိပြည်သူ့စာကြည့်တိုက်ကို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့မှုကြောင့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလမှ စတင်၍စာအုပ်ငှားရမ်းမှုများကို ယာယီရပ်နားခဲ့ရပြီး ယခုအခါ ဧပြီလ ၂၉ ရက်နေ့မှစတင်ကာ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် အညီ ပြည်လည်ဖွင့်လှစ်ငှားရမ်းပေးလျက်ရှိသည်။
မြိုင်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် အထွေထွေပညာရပ်၊ ဒဿနိကနှင့်စိတ်ပညာ၊ ဘာသာအယူဝါဒ၊ လူမှုရေးသိပ္ပံ၊ ဘာသာစကား၊ ရိုးရိုးသိပ္ပံ၊ အသုံးချသိပ္ပံ၊ အနုပညာ၊ စာပေ၊ ပထဝီနှင့် သမိုင်းစသည့်ပညာရပ်များအပြင် မဂ္ဂဇင်း၊ ဝတ္ထု၊ ဂျာနယ်၊ စာစောင်များနှင့် ရုပ်ပြစာအုပ်များကို စုဆောင်းထားရှိပြီး စာငှား၊စာဖတ်သူအား အသင်းဝင်စနစ်ဖြင့် အခမဲ့ငှားရမ်းပေးလျက်ရှိသည်။ ၄င်းအပြင် ရည်ညွှန်းစာအုပ်များ၊နိုင်ငံတော်ပြန်တမ်းများနှင့် ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ဝေသော နေ့စဉ်ထုတ်သတင်းစာများကိုလည်းပြည်သူများ အလွယ်တကူဖတ်ရှုနိုင်ရေး စင်တင်ပေးထားလျက်ရှိသည်။
ထိုသို့ စားများငှားရမ်းဖတ်ရှုကြခြင်းအပြင် ဌာနဆိုင်ရာများ၊ ကျေးရွာစာကြည့် တိုက်များသို့ Mobilelibrary စနစ်ဖြင့် စာအုပ်၊စာစောင်များ ငှားရမ်းပေးခြင်း၊ စာကြည့်တိုက်ရှိ စာအုပ်များရွေးချယ်၍ စာဖတ်ဝိုင်းများဆောင်ရွက်ပေးခြင်း၊ မြိုင်မြို့နယ် ပြည်သူ့စာကြည့်တိုက် Online Page မှ တစ်ဆင့်ပုံပြင်/ကဗျာ တင်ဆက်ခြင်း၊ စာအုပ်မိတ်ဆက်ခြင်းနှင့် စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများကို ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ အပတ်စဉ်အင်္ဂါနေ့မှ စနေနေ့အထိ ဖွင့်လှစ်လျက်ရှိကြောင်းသိရသည်။
ဖြိုးမွန်ကျော်