၂၀၂၁-၂၀၂၂ ပညာသင်နှစ် မန္တလေးတိုင်းဒေသကြီး ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ

မန္တလေး မေ ၂၇

၂၀၂၁-၂၀၂၂ ပညာသင်နှစ် မန္တလေးတိုင်းဒေသကြီး ကျောင်းအပ်နှံရေး အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၁၄)အခြေခံပညာ အထက်တန်းကျောင်း၊ ပန်းမျိုးတရာ ခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဦးမောင်ကိုက အဖွင့်အမှာစကား ပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ဖြန့်ဝေသည့် ဗလာစာအုပ်၊ ခဲတံနှင့် ဘောပင်များကို ပေးအပ်ခဲ့သည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး အခြေခံပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ကြယ်က ကျောင်းအပ်နှံရေးနေ့ အစီရင်ခံစာ ဖတ်ကြားတင်သွင်းခဲ့သည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး ကျော်ကျော်မင်း က အထက်တန်းကျောင်းနှင့် အလယ်တန်းကျောင်းသုံး ပုံနှိပ်စာအုပ်များကို ပေးအပ်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၄) ဦးသိန်းဌေးက မူလတန်း ကျောင်းသုံး ပုံနှိပ်စာအုပ်များကို ပေးအပ်ခဲ့သည်။

ယင်းနောက် မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကျောင်းအပ်နှံမှု အခြေအနေများကို လှည့်လည်ရှုခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဦးမောင်ကိုနှင့် တာဝန်ရှိသူများ၊ အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ကြယ်နှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်း ၄၂၆၃ ကျောင်း၊ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်း ၂၃၅ ကျောင်းနှင့် ဘုန်းတော်ကြီး သင်ပညာရေးကျောင်း ၃၁၇ ကျောင်းရှိကြောင်း၊ ၂၀၂၀ ခုနှစ် မတ်လချုပ် စာရင်းများအရ တိုင်းဒေသကြီးအတွင်း အထက်တန်း၊ အလယ်တန်း၊ မူလတန်း အခြေခံပညာ ကျောင်းသား၊ ကျောင်းသူ ၉၅၄၀၂၃ဦး၊ ဘ.က ကျောင်းသားကျောင်းသူ ၈၃၄၂၂ဦး၊ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်း ကျောင်းသူ၊ ကျောင်းသား ၇၀၇၂၁ ဦးရှိပြီး အခြေခံပညာကျောင်း ဆရာ၊ ဆရာမ ၄၄၄၀၀ ဦးကျော် ရှိကြောင်း သိရသည်။

တင်လင်းထက်