မိုးညှင်း မတ် ၂၈
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကြို တင် ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်စီမံခန့်ခွဲရေးကော်မတီမှ တာဝန်ရှိသူများက သံသယလူနာများတွေ့ရှိပါက ထားရှိနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မြို့နယ်စီမံခန့်ခွဲရေး ကော်မတီမှ တာဝန်ရှိသူများသည် COVID-19 သံသယလူနာများ ထားရှိနိုင် ရန် ပုညရှင်စက္ခုပါလဆေးရုံတွင် လူနာ၅၀ထားရှိနိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ကြ သည်။
အဆိုပါနေရာအပြင် မြို့တော်ခန်းမ၊ မိုးလုံလေလုံအားကစားခန်းမ၊ ဒီဂရီကောလိပ်၊ စိမ်းလဲ့ရတနာ ခန်းမ စသည့်နေရာများတွင်လည်း လူနာများထားရှိနိုင်အောင် စီမံဆောင်ရွက်လျက်ရှိသည်။
မြို့နယ်အတွင်း COVID-19 ရောဂါဖြစ်ပွားမှုမရှိစေရန် ပညာပေးလုပ်ငန်းများနှင့် ကြိုတင်စီမံခန့် ခွဲရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ၂နာရီခွဲတွင် မြို့နယ်အတွင်း ဖြတ်သန်းသွားလာကြသည့် ခရီးသွားယာဉ်များတွင် လိုက်ပါလာကြသည့် ခရီးသည်များအား ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခြင်းများကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတင်အေးနှင့်အတူ တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြသည်။
ရောဂါဖြစ်ပွားမှုကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်အတွင်း အချက်အခြာနေရာများ တွင်အသိပညာပေး ဗီနိုင်းများ စိုက်ထူထားရှိခြင်း၊ မြို့နယ်အတွင်းရှိ ကျေးရွာ၊ ရပ်ကွက်များ အလိုက် အသံချဲ့စက်များဖြင့် ပြည်သူများ လိုက်နာဆောင်ရွက်ရန် လိုအပ်မည့် အသိပေး နှိုးဆော်ချက်များကိုလည်း နေ့စဉ် ဆော်ဩပေးလျက်ရှိသည်။
မိုးညှင်းခရိုင် ပြည်သူ့ဆေးရုံကြီးတွင်လည်း ရောဂါသံသယလူနာထားရှိရန် သီးသန့်လူနာခန်း အပြင် အဆိုပါ စောင့်ကြည့်လူနာခန်းတွင် တာဝန်ထမ်းဆောင်နိုင်ရန် ဝန်ထမ်းများကိုလည်း အပတ်စဉ် ဂျူတီတာဝန်များခွဲဝေချထားကြောင်းနှင့် ယနေ့အချိန်အထိ မိုးညှင်း ပြည်သူ့ ဆေးရုံတွင် အဆိုပါရောဂါ နှင့်ပတ်သက်၍ စောင့်ကြည့်လူနာတစ်ဦးတစ်ယောက်မျှ မရှိသေးကြောင်း မိုးညှင်းခရိုင်ဆေးရုံအုပ်ကြီးထံမှသိရသည်။
ကျော်ကျော်ထွေး(မိုးညှင်း)