မြစ်ကြီးနား မေ ၂၇
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် မေလ ၂၄ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်နှံရေး သတင်းပတ်အဖြစ် သတ်မှတ်၍ ကျောင်းအပ်နှံခြင်း လုပ်ငန်းကို ကချင်ပြည်နယ်နှင့် တစ်ဝှမ်းဆောင်ရွက်ခဲ့ကြရာ ယနေ့ နံနက် ၉ နာရီတွင် ကချင်ပြည်နယ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မြစ်ကြီးနားမြို့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၊ မဉ္ဇူသကခန်းမ၌ ကျင်းပပြုလုပ်သည်။
ကချင်ပြည်နယ် ကျောင်းအပ်နှံနေ့ အခမ်းအနားတွင် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ကျောင်းအပ်နှံခြင်းသည် ကလေးများ၏ ပညာသင်ယူခွင့် အခွင့်အလမ်းအပြည့်အဝရရှိအောင် ဆောင်ရွက်ပေးခြင်း ဖြစ်သည့်အတွက် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေးသည် အရေးကြီးဆုံး လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ ပညာရေးဌာန အနေဖြင့်လည်း ပြည်သူနှင့်အတူ ပူးပေါင်းပြီး ကျောင်းဖွင့်ချိန်တွင်လည်း ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးဆိုင်ရာ စံလုပ်ငန်း လမ်းညွှန်များနှင့် လုံခြုံမှုရှိစေရန် အချက်များကို အလေးထားလိုက်နာကြရန် လိုအပ်ပါကြောင်း၊ သို့မှသာ ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတော် တည်ဆောက်ရာတွင် ကျန်းမာသန်စွမ်းပြီး ထူးချွန်သည့်လူ့စွမ်းအား အရင်းအမြစ်ဖြစ်သော အသိပညာ အတတ်ပညာရှင်များကို မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် ပြည်နယ်အတွင်းရှိ အရွယ်ရောက်သူတိုင်း ကျောင်းနေနိုင်အောင်၊ ကျောင်းနေမြဲအောင်၊ မူလတန်းမှ အထက်တန်းအထိ ကိုဗစ်-၁၉ ရောဂါ ကင်းရှင်းစွာနှင့် လုံခြုံအေးချမ်းစွာ အဆင့်ဆင့် ပညာသင်ယူနိုင်ရေးအတွက် အားလုံးဝိုင်းဝန်း ဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
ယင်းနောက် ပြည်နယ်ပညာရေးမှူး ဦးကျော်မိုးထွန်းက ကချင်ပြည်နယ်အတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းအပ်နှံရေး သတင်းပတ် ဆောင်ရွက်နေမှု အခြေအနေများနှင့် ယခုပညာသင်နှစ်အတွက် နိုင်ငံတော်မှ ပညာရေး အထောက်အကူပြုပစ္စည်းများ၊ ပညာသင်ထောက်ပံ့ကြေးများ ထောက် ပံ့ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် ပြည်နယ်ကောင်စီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများက အခြေခံပညာ ကျောင်းများတွင် ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးအတွက် အသုံးပြုရန် ငွေကျပ် ၁၅ သိန်း တန်ဖိုးရှိ နှာခေါင်းစည်း Mask (၂၈)ဖာ၊ ဆားမုန့်အထုပ် (၁၂၀)နှင့် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်၊ ခဲတံများကို အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အမှတ်(၃)အခြေခံပညာ အထက်တန်း ကျောင်း၌ ကျောင်းအပ်နှံခြင်း လုပ်ငန်းဆောင်ရွက်နေကြသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား ကလေးငယ် များအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးခဲ့ကြပြီး ကျောင်းသုံးပြဋ္ဌာန်း စာအုပ်များနှင့် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ် ခဲ့ကြသည်။
ပြည်နယ်(ပြန်/ဆက်)