တနင်္သာရီမြို့နယ်၊ တကူ(စံပြ) တိုက်နယ်ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူနှင့် ထိစပ်ပြီး အနံ့ ပျောက်သူ(၁)ဦး ရောဂါပိုးထပ်မံတွေ့ရှိ

တနင်္သာရီ မေ ၂၇ 

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ သာရဘွင်ကျေးရွာအုပ်စု- ပတ္တမြားကျေးရွာမှ အသက်(၁၉)နှစ် အရွယ် အမျိုးသမီးတစ်ဦးက အနံ့ပျောက်နေကြောင်း သတင်းပို့လာသဖြင့် ယနေ့ နံနက် ၁၀ နာရီခန့်က တကူ (စံပြ) တိုက်နယ်ဆေးရုံ သီးသန့်အဆောင်သို့ ခေါ်ယူ၍ တာဝန်ခံဆရာဝန် ဒေါက်တာ ဖြိုးမြင့်ကြည်က ဦးဆောင်ကြီးကြပ်လျက် ဓါတ်ခွဲကျွမ်းကျင်(၄) ဒေါ်စုမြတ်မွန်မှ Covid-19 Antigen Rapid Test (RDT)ဖြင့် ချက်ခြင်း စစ်ဆေးပေးရာ Covid-19 ရောဂါပိုး ထပ်မံအတည်ပြုတွေ့ရှိရကြောင်း သိရှိရသည်။

၎င်းအသက်(၁၉)နှစ်အရွယ် အမျိုးသမီးသည် မေလ(၂၅)ရက်နေ့က တကူတိုက်နယ်ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ (၁၇)နှစ်အရွယ် အမျိုးသမီးနှင့်အတူ သာရဘွင်ကျေးရွာအုပ်စု-သာရဘွင်အရှေ့ရွာရှိ နေအိမ် တစ်ခု၌ ဧပြီလ ၃၀ ရက်နေ့မှ မေလ ၁၉ ရက်အထိ (၂၀)ရက်အကြာ တယောထိုးသင်တန်း တက်ရောက်ခဲ့သည့် သင်တန်းသူများ (၃၅)ဦးထဲမှာ ပါဝင်သူ ကရင်တိုင်းရင်းသူ တစ်ဦးဖြစ်ကြောင်း သိရှိရသည်။

ယင်းအမျိုးသမီးသည် တကူ(စံပြ)တိုက်နယ်ဆေးရုံတွင် (၉)ဦးမြောက် ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုတွေ့ရှိသူ ဖြစ်သည်။ သို့ပါ၍ Covid -19 ရောဂါပိုး အတည်ပြုတွေ့ရှိသည့် လူနာအမျိုးသမီး(၈)ဦးနှင့်အတူ တကူ(စံပြ) တိုက်နယ်ဆေးရုံဝင်းအတွင်းရှိ ဇီဝိတဒါနသံဃာ့အဆောင်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ (Community  Based  Facility Quarantine) အသွားအလာကန့်သတ်၍ နေ့စဉ်ကိုယ်အပူချိန်တိုင်းခြင်း၊ အောက်ဆီဂျင်တိုင်းခြင်းတို့ဖြင့် (၁၄)ရက်အကြာ ကျန်းမာရေးစောင့်ကြပ်ပေး သွားမည်ဖြစ်ကြောင်း လက်ရှိတွင် ၎င်းတို့အားလုံး ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း ဒေါက်တာ ဖြိုးမြင့်ကြည်ထံမှ သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)