နိုင်ငံပိုင်ရုပ်ရှင်ရုံထားဝယ်မြို့ရှိ (ရွှေဝယ်သီရိ) ရုပ်ရှင်ရုံ၏ တာဝန်နှင့်ဝတ္ထရားလွှဲပြောင်းခြင်း စာချုပ်ချုပ်ဆိုခြင်း အခမ်းအနား ကျင်းပ

ထားဝယ် မေ ၂၇

နိုင်ငံပိုင်ရုပ်ရှင်ရုံထားဝယ်မြို့ရှိ(ရွှေဝယ်သီရိ)ရုပ်ရှင်ရုံ၏ တာဝန်နှင့် ဝတ္ထရားလွှဲပြောင်းခြင်း၊ စာချုပ်ချုပ်ဆိုခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်း အဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင် က တနင်္သာရီ  တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံပိုင်ရုပ်ရှင်ရုံ(၁)ရုံ၊ ပုဂ္ဂလိကသို့ အပြီးရောင်းချသည့် ရုပ်ရှင်ရုံ(၃)ရုံတို့၏ ကြီးကြပ်ခြင်း၊ စီမံခန့်ခွဲခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရုပ်ရှင်ရုံများ စနစ်တကျလွှဲပြောင်းလက်ခံခဲ့ပြီး တနင်္သာရီ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ရုပ်ရှင်ရုံများ အဆင့်မြှင့်တင်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်ရာတွင် အဆင့်မြှင့်ရန် ကျန်ရှိသည့် ထားဝယ်မြို့ ရွှေဝယ်သီရိ ရုပ်ရှင်ရုံနှင့် မြိတ်မြို့ ဂုဏ်ရုပ်ရှင်ရုံများနှင့် ပတ်သက်၍ ရောင်းချစဉ်က စာချုပ်ပါအတိုင်း ရုပ်ရှင်ရုံပြသခြင်း လုပ်ငန်း ဆက်လက်ဆောင်ရွက်ရန် စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာရန် လုပ်ငန်းရှင်များနှင့် ၂၀၂၁ ခုနှစ် မတ် ၆ ရက်နေ့က တွေ့ဆုံညှိနှိုင်းပြီးဖြစ်၍ တနင်္သာရီတိုင်းအတွင်း အဆင့်မြင့်ရုပ်ရှင်ရုံများ ပေါ်ပေါက်လာရေး လုပ်ငန်းရှင်များ၊ ကုမ္ပဏီများနှင့် ချိတ်ဆက်၍ ဆက်လက် အကောင်အထည်ဖော်သွားမှာဖြစ်ကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက တနင်္သာရီတိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေး ကောင်စီသို့ တာဝန်နှင့်ဝတ္ထရားများ လွှဲပြောင်းခြင်းစာချုပ် ချုပ်ဆိုခြင်း ဆောင်ရွက်ပြီးပါက ရုပ်ရှင်ရုံပြသခြင်း လုပ်ငန်းများ ပိုမိုတိုးတက်ရေး စနစ်တကျ ကြီးကြပ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ် က နိုင်ငံပိုင်ရုပ်ရှင်ရုံများ တာဝန်နှင့် ဝတ္ထရားလွှဲပြောင်းခြင်း၊ စာချုပ် ချုပ်ဆိုခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ နိုင်ငံပိုင်ရုပ်ရှင်ရုံထားဝယ်မြို့ရှိ (ရွှေဝယ်သီရိ) ရုပ်ရှင်ရုံ၏ တာဝန်နှင့် ဝတ္ထရားလွှဲပြောင်းခြင်း၊ စာချုပ် တွင် တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်ဇေယျ ၊ အဖွဲ့ဝင်(၂) ဦးမောင်ကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်၊ ညွှန်ကြားရေးမှူး ဦးသိန်းနိုင်၊ (ရွှေဝယ်သီရိ) ရုပ်ရှင်ရုံနှစ်ရှည်ငှားရမ်းသူ ဒေါက်တာယုဝါနှင့် ဦးဟုတ်စိန် တို့က လက်မှတ်ရေးထိုးခဲ့ကြပြီး စာချုပ်များ လဲလှယ်ခဲ့ကြသည်။

အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်နှင့်အဖွဲ့ဝင်များ ၊ ပြန်ကြား ရေးဝန်ကြီးဌာန  ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊(ရွှေဝယ်သီရိ) ရုပ်ရှင်ရုံနှစ်ရှည်ငှားရမ်းသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

(တိုင်းဒေသကြီးပြန်/ဆက်)