မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနား မလှိုင်မြို့၌ကျင်းပ

မလှိုင်  မေ  ၂၈

၂ဝ၂၁-၂ဝ၂၂ ပညာသင်နှစ်အတွက် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊  မလှိုင် အ.ထ.က ကျောင်းရှိ  ဧရာဝတီခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဗိုလ်မှူးဌေးသန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းနိုင်က ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုံခြုံရေးကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။   ယင်းနောက်  မြို့နယ်ပညာရေးမှူး ဦးရွှေက ၂ဝ၂၁-၂ဝ၂၂ ပညာသင်နှစ်အတွက်ကျောင်းအပ်နှံမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မေလ၂၄ ရက်နေ့မှ ၃၁ ရက်နေ့ထိကို ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ်သတ်မှတ်ပြီး ကျောင်းသားများကို ပိတ်ရက်မရှိ လက်ခံသွားမှာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ကျောင်းအပ်နှံရာတွင်မည်သည့်အခကြေးငွေမှ ကောက်ခံခြင်းမပြုပဲ ကျောင်းသုံးပြဌာန်းစာအုပ် တစ်စုံ ၊ ဗလာစာအုပ်တစ်ဒါဇင်၊ ဘောပင်(၂)ချောင်း၊ ခဲတံ(၂)ချောင်း၊ Mask  နှင့် မျက်နှာဖုံးအကာ( Face Shield ) များကို နိုင်ငံတော်မှအခမဲ့ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ကျောင်းအပ်နှံခြင်းနှင့် အခြေခံပညာကျောင်းများဖွင့်လှစ်ခြင်းကို  ကိုဗစ်-၁၉ စည်းကမ်းချက်များ၊ လုံခြုံရေးအစီအစဉ်များဖြင့်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ 

မလှိုင်မြို့နယ်တွင် အ.ထ.က(၈)ကျောင်း၊ အ.ထ.က ခွဲ (၂၃) ကျောင်း၊ အ.လ.က(၁၄)ကျောင်း၊ အ.လ.က ခွဲ(၆ )ကျောင်း၊  မူလွန်ကျောင်း(၂ဝ) ၊ အ.မ.က(၁၁၅)ကျောင်း၊ စုစုပေါင်း အခြေခံပညာ ကျောင်းပေါင်း(၁၈၆ ) ကျောင်းနှင့် ဘ.ကကျောင်း(၅ )ကျောင်း၊ကိုယ်ပိုင်ကျောင်း(၈)ကျောင်းရှိပြီး  ဘ.ကကျောင်းနှင့်ကိုယ်ပိုင်ကျောင်းများအပါအဝင် အထက်တန်း၊အလယ်တန်း၊ မူလတန်း ကျောင်းသား/သူသုံးသောင်းကျော်ရှိကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)