ပုသိမ် မေ ၂၈
၂၀၂၁ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား၊ ၆ ခရိုင်၊ အသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယမန်နေ့ညနေ ၃:၃၀ နာရီအချိန်က ပုသိမ်မြို့ ကျောက်တိုင်ဘောလုံးကွင်း၌ ကျင်းပသည်။
ဖွင့်ပွဲသို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိများ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ဒိုင်လူကြီးများ၊ နည်းပြ၊ အုပ်ချုပ်သူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ပရိတ်သတ်များလာရောက်ကြည့်ရှုကြသည်။
ရှေးဦးစွာ ပြိုင်ပွဲအသင်းများ ကွင်းအတွင်းနေရာယူကြသည်။တိုင်းဒေသကြီးကောင်စီဥက္ကဋ္ဌကိုယ်စား အဖွဲ့ဝင်(၅) ရဲမှူးကြီးတင်ဇော်ထွန်းက "ဒီကနေ့.ကျင်းပတဲ့ဘောလုံးပြိုင်ပွဲကို တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ခရိုင်အသီးသီးမှ အမျိုးသမီးဘောလုံးအားကစားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေဖို့၊ ခရိုင်တစ်ခုနှင့်တစ်ခု အပြန်အလှန် ပူးပေါင်းဆောင်ရွက်လာနိုင်စေရေး အစရှိတဲ့ ရည်ရွယ်ချက်အပြင် တိုင်းဒေသကြီးကိုယ်စားပြု ထူးချွန်ထက်မြက်သော အမျိုးသမီးဘောလုံး အားကစားသမားကောင်းများ ပေါ်ထွက်လာစေရေးကိုရည်ရွယ်ပြီး ကျင်းပပြုလုပ်တဲ့ပြိုင်ပွဲဖြစ်တဲ့အတွက် ပြိုင်ပွဲဝင်အသင်းများ၊အားကစားသမားကောင်းပီသစွာနဲ့ ယှဉ်ပြိုင်ကြဖို့ တိုက်တွန်းလိုကြောင်း၊ တိုင်းဒေသကြီးအမျိုးသမီးဘောလုံးအသင်းများဟာ အောင်မြင်မှု အစဉ်အလာ ကြီးမားတဲ့ အသင်းများဖြစ်ခဲ့ကြောင်း၊ ဘောလုံးအားကစားနည်းပြ လူကြီး/ လူငယ်၊အမျိုးသား /အမျိုးသမီး ကမ္ဘာနှင့်အဝှမ်းစိတ်ဝင်စားပြီး အားပေးချီးမြှောက်မှု အများဆုံးဖြစ်တဲ့ အားကစားနည်းတစ်ရပ်ဖြစ်သလို၊အခြားဘယ်အားကစားနည်းတွေ ဘယ်လောက်အောင်မြင်မှုရရ ဘောလုံး အားကစားနည်းမှာ အောင်မြင်မှုရမှအားရကျေနပ်မှုရှိကြောင်းကိုလည်း အားလုံးအသိဖြစ်ကြောင်း၊ အားကစားအောင်နိုင်ရေးမှာအားကစားသမားများရဲ့ ကြံ့ခိုင်မှု၊ အဟာရပြည့်ဝမှု၊ သန့်ရှင်းမှု၊ ခေတ်မှီနည်းစနစ်များ၊ပစ္စည်းကိရိယာများနှင့် အချိန်ကိုက် လေ့ကျင့်နိုင်အောင် ဆောင်ရွက်ပေးမှု၊ စိတ်ချမ်းမြေ့စွာ အားကစားကိုဇောက်ချလေ့ကျင့်နိုင်မှု စတဲ့အခြေအနေကောင်းများ ရရှိရန်လည်း နိုင်ငံတော်မှအလေးထားပံ့ပိုးနေတာ အားလုံးအသိဖြစ်ကြောင်း၊အားကစားသမားများအနေနဲ့ သတ်မှတ်ထားတဲ့ဥပဒေတွေ၊စည်းကမ်းတွေကို လိုက်နာရမှာဖြစ်ပြီး၊ စည်းကမ်းသေဝပ်မှု၊ တရားသောယှဉ်ပြိုင်အနိုင်ရမှုကို ကျင့်သုံးဖို့ လိုအပ်မှာဖြစ်ကြောင်း၊ ပြိုင်ပွဲယှဉ်ပြိုင်နေစဉ်အတွင်း ပြိုင်ဘက်အသင်းအား၊ သည်းခံမှု၊ စိတ်ရှည်မှု၊နားလည်မှုများထားပြီး၊ရှုံးခဲ့လျှင်လည်း အရှုံးကိုကျေနပ်စွာလက်ခံပြီး ပြိုင်ပွဲပြီးဆုံးသည်အထိ ယှဉ်ပြိုင်ရဲတဲ့ ကြံ့ခိုင်တဲ့စိတ်ဓာတ်ရှိဖို့လည်း လိုအပ်ကြောင်း၊ လိုက်ပါလာကြတဲ့ အုပ်ချုပ်/နည်းပြများကလည်း အားကစားသမားများကို နိုင်နင်းစွာထိန်းချုပ်၊ ထိန်းသိမ်းနိုင်ရမှာဖြစ်ကြောင်း၊ ပြိုင်ပွဲကို ကြီးကြပ်တဲ့ ဒိုင်လူကြီးများကလည်း ဘက်လိုက်မှုကင်းရှင်းစွာနဲ့ ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများ၊ဥပဒေများအတိုင်း တိတိကျကျ ဆုံးဖြတ်ပေးကြဖို့ ပြောကြားလိုကြောင်း၊ခရိုင်အသီးသီးက ကိုယ်စားပြုလာပြိုင်ကြတဲ့ ပြိုင်ပွဲဝင်အသင်း အားလုံး တိုင်းကောင်စီဥက္ကဋ္ဌဖလားကို ဆွတ်ခူးရရှိအောင်"တရားသဖြင့်ယှဉ်ပြိုင်နိုင်အောင် ကြိုးပမ်း" "ယှဉ်ပြိုင်လျှင်နိုင်ရမည်" ဆိုတဲ့ဆောင်ပုဒ်တွေနဲ့အတူ " ရိုးသားကြိုးစားဧရာဝတီသား " ဆိုတဲ့ဆောင်ပုဒ်တွေကို လက်ကိုင်ထားပြီး၊တိုင်းဂုဏ်ဆောင်၊နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားယှဉ်ပြိုင်ကြပါလို့" တိုက်တွန်းပြောကြားကာ ပြိုင်ပွဲကိုဖွင့်လှစ်ပေးလိုက်သည်။
ထို့နောက်ပြိုင်ပွဲဝင်အသင်းများကအားကစားသစ္စာအဓိဋ္ဌာန် ၄ ချက်ကိုရွတ်ဆို၍ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာသွားသည်။ ယမန်နေ့ ပွဲစဉ်အဖြစ်ပုသိမ်နှင့် မအူပင်ခရိုင် အမျိုးသမီးအသင်း ယှဉ်ပြိုင်ကစားကြရာ ပုသိမ်ခရိုင် အသင်းက ၅ ဂိုး၊ဂိုးမရှိ ဖြင့်နိုင်သွားသည်။အဆိုပါပြိုင်ပွဲကို အသင်း ၆ သင်းပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး ၃ သင်းအုပ်စု ၂ ခုခွဲ၍အုပ်စုပတ်လည်၊ ဆီမီးဖိုင်နယ် နှင့်ဗိုလ်လုပွဲကို ဇွန် ၇ ရက်နေ့တွင်ကျင်းပမှာဖြစ်ကြောင်း သိရသည်။
မောင်မောင်မြင့်(iprd)