လှည်းကူး မေ ၃၀
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၌ ကျောင်းအပ်နှံရေး အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က လှည်းကူးမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ အ.ထ.က လှည်းကူး ကျောင်းသား၊ ကျောင်းသူများက ကျောင်းအပ်နှံရေးနေ့ သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေး အခမ်းအနားကို မြို့နယ် ကျောင်းအပ်နှံရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးခင်ဇော်က အဖွင့်အမှာစကား ပြောကြားပြီး လှည်းကူးမြို့နယ် ပညာရေးမှူး ဒေါ်ဘေဘီက လှည်းကူးမြို့နယ်အတွင်း ကျောင်းအပ်နှံရေး လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တပ်မတော် ဆေးတက္ကသိုလ် ပါမောက္ခချုပ်ဗိုလ်မှူးချုပ် ခင်အောင်ထွန်းက ပညာရေးနှင့် ပတ်သက်၍ အားပေးစကားပြောကြားခဲ့ပြီး အလှူရှင်များမှ လှူဒါန်းထားသော အလှူငွေများနှင့် ကျောင်းသုံး စာရေးကိရိယာ များအား ပေးအပ်လှူဒါန်းရာ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူတို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာများ (၁၈၀)ဦးခန့် တက်ရောက် ခဲ့ကြသည်။
အခမ်းအနားအပြီးတွင် အ.ထ.က(မြို့မ) ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန် သီချင်းသီဆို၍ ဖျော်ဖြေ တင်ဆက်ခဲ့ကြောင်း သိရသည်။
သင်းမြတ်သော်(ပြန်/ဆက်)