ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများဖွံ့ဖြိုးရေးအတွက် ကျေးရွာချင်းဆက်လမ်းများပေါ်ရှိ တံတားများအား အသစ်တည်ဆောက် ပေးလျက်ရှိ

ကျောက်ဆည် မေ ၃၁

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျီးပြ-ကောင်းတင် ကျေးရွာချင်းဆက်လမ်းပေါ်၌ လိုအပ်လျက်ရှိသော Box Culvert တံတားအသစ် (၇)စင်း ဆောက်လုပ် ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ တံတား(၇)စင်းမှာ ခွင့်ပြုရန်ပုံငွေကျပ် (၁၀)သန်းဖြင့်  အလျား(၁၀)ပေ၊ အကျယ်(၂၄) ပေ၊ အမြင့်(၇)ပေရှိ Box Culvert တံတားအသစ်(၁)စင်းနှင့်ခွင့်ပြုရန်ပုံငွေကျပ်(၃၆)သန်းဖြင့် အလျား(၅) ပေ၊ အကျယ်(၂၄)ပေ၊ အမြင့်(၅)ပေရှိ Box Culvert တံတားအသစ်(၆)စင်း ဖြစ်ကြောင်း သိရသည်။

ကျောက်ဆည် မြို့နယ်အတွင်းရှိ ကျီးပြ-ကောင်းတင် ကျေးရွာချင်းဆက်လမ်းသည်(၅)မိုင် (၇)ဖာလုံ အရှည်ရှိသော မြေသားလမ်းဖြစ်ပြီး ယခုအခါ Box Culvert တံတားသစ်များ ဆောက်လုပ်ပြီးစီးပြီဖြစ်၍ ကျေးရွာပေါင်း(၄)ရွာမှ ဒေသထွက်ကုန်များ အချိန်မရွေး လွယ်ကူစွာ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ပြီး အိမ်ခြေ(၆၄၈)အိမ်၊ လူဦးရေ (၃၀၃၂)ဦးတို့အား အကျိုးပြုမည်ဖြစ်ရာ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးများလည်း ပိုမိုဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)