ဘိုကလေးမြို့မရဲစခန်းမှ အချုပ်ခန်းအား တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး စစ်ဆေး

ဘိုကလေး  မေ  ၃၁

ဧရာဝတီတိုင်းဒေသကြီး၊  ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြို့မရဲစခန်းရှိ အချုပ်ခန်းအား တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးနှင့်အဖွဲ့မှ ယနေ့နေ့လည်(၁)နာရီတွင် ကြည့်ရှုလှည့်လည်စစ်ဆေးခဲ့သည်။

စစ်ဆေးရာတွင် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ဒေါ်မိုးမိုးအေး၊ တိုင်းဒေသကြီး တရားရေး ဦးစီးမှူး ဒေါ်မြင့်ဝှာ၊ ခရိုင် တရားသူကြီး၊ မြို့နယ်တရားသူကြီးတို့အဖွဲ့မှ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးအောင်ဝင်းနှင့်အတူ  ဘိုကလေးမြို့မရဲစခန်း၏ အချုပ်ခန်း လုံခြုံခိုင်မာမှု ရှိ/မရှိ၊ အချုပ်သားများ၏ ကျန်းမာရေး ကောင်းမွန်မှု ရှိ/မရှိ၊ (၁)နှစ်ကျော်ကာလ ကြာအောင် တရားရင်ဆိုင် နေရသည့် အချုပ်သားရှိ/မရှိ တို့ကိုစစ်ဆေးကြည့်ရှုခဲ့ပြီး အချုပ်သား များ၏ တင်ပြချက်များအား မေးမြန်းကာ လိုအပ်သည်များအား တာဝန်ရှိသူများထံသို့ မှာကြားခဲ့ ကြောင်းနှင့် ဘိုကလေးမြို့မရဲစခန်းရှိ အချုပ်ခန်းတွင် အမျိုးသား အချုပ်သား(၃၀)ဦးနှင့် အမျိုးသမီး အချုပ်သား(၇)ဦး ရှိကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)