ဘိုကလေး မေ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင်မြစိမ်းရောင် ဘုရားကြီးအရှေ့ မျက်နှာစာအား မြစိမ်းရောင်ဘုရားကြီးဂေါပကအဖွဲ့မှ ဦးဆောင်၍ စေတနာရှင် များနှင့် အတူပူးပေါင်းကာ ကွန်ကရစ်ခင်းကျင်းခြင်းနှင့် ရေမြောင်း တည်ဆောက်ခြင်း လုပ်ငန်းအား ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ လုပ်ငန်းအား မေ(၂၇)ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ကြပြီး ရှေးဟောင်းသမိုင်းဝင် မြစိမ်းရောင်ဘုရားကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ အများအမြင်တင့်တယ်လှပစေရေး ရည်ရွယ် ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ကွန်ကရစ်ခင်းကျင်းရာတွင် အလျား (၁၅၀) ပေ၊ အနံ(၁၀) ပေဖြင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းအပြင် ရေစီးရေလာကောင်းမွန်စေရေးအတွက် အုတ်ဘောင်ရေမြောင်း တည်ဆောက်ခြင်း၊ ဘုရားကြီး၏ မျက်နှာစာရှိ ရေကန်ဘောင်ကိုလည်း ကန်ဘောင်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။
"ယခု ဘုရားကြီးရဲ့မျက်နှာစာကို ကွန်ကရစ်ခင်း၊ ရေမြောင်းတည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရခြင်းက ဘုရားကြီးကိုအမြင့်တင့်တယ်စေမယ်၊ ပတ်ဝန်းကျင်သန့်ရှင်းသာယာသွားတဲ့အခါ မြို့အတွက်လည်း အထောက်အကူပြုရာရောက်ပါတယ်၊ ကန်ဘောင်ကြီးကိုလည်း ဘောင်မြှင့်တင်ခြင်း လုပ်ငန်းတွေ ဆောင်ရွက်ပြီး ကန်ဘောင်ဘေးကို ကွန်ကရစ်ခင်းလိုက်တဲ့အတွက် ကန်ဘောင်ပတ်ဝန်းကျင်မှာလည်း အများပြည်သူအနားယူလို့ရမယ်၊ ကန်ထဲက ရေကိုလည်း သန့်ရှင်းစွာနဲ့အသုံးပြုလို့ရမယ်၊ ကုန်ကျငွေကတော့ (၂၅)သိန်းထက်မနည်း ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်" ဟု မြစိမ်းရောင်ဘုရားကြီး၏ ဂေါပကတစ်ဦးထံမှ သိရသည်။
မိုးစက်(ဘိုကလေး)