မြိတ်မြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

မြိတ် မေ ၃၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို‌ ယနေ့ နေ့လယ်(၁)နာရီက  အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ပညာဗိမာန် ခန်းမ၌ ကျင်းပခဲ့သည်။

‌ရှေးဦးစွာ မြိတ်ခရိုင်ပညာရေးမှူး ဦးဉာဏ်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးကျော်ရှိန်က ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်တွင် ကျောင်းများအလိုက် ကျောင်အပ်နှံ လက်ခံဆောင်ရွက် ပေးမှုများနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းပြောကြားသည်။ ထို‌နောက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေသော အတန်းလိုက်  ကျောင်းသုံးပြဋ္ဌာန်းစာအုပ် (ပုံနှိပ် စာအုပ်)၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ Mask နှင့် Face Shield များကို ခရိုင်ပညာရေးမှူးနှင့် တာဝန်ရှိ သူများက ကျောင်းသား၊ ကျောင်သူများအား ပေးအပ်ခဲ့ကြသည်။

ကျောင်းနေအရွယ်ကလေးသူငယ်တိုင်း အခြေခံပညာသင်ယူခွင့်ရရှိရေး၊ ကျောင်းအပ်နှံအခွင့်အလမ်းများ ရရှိပြီး ကျောင်းတက်ကျောင်းနေနှုန်း မြင့်မားလာစေရန်နှင့် အခမဲ့ပညာရေးစနစ် ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်ရေး ရည်ရွယ်ချက်များဖြင့် ကျောင်းအပ်နှံရေးသီတင်းပတ် မေလ(၂၄)ရက်နေ့မှ (၃၁)ရက်နေ့အထိ ကျောင်းများအလိုက် ဆောင်ရွက်ပေးခဲ့ရာ မေလ(၃၁)ရက်အထိ ကျောင်းအပ်နှံမှု အနေဖြင့် စာရင်းရှိဦးရေ၏ (၂၄) ရာခိုင်နှုန်းသာ လာရောက်အပ်နှံကြကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

မြိတ်မြို့နယ်တွင် အထက်တန်းကျောင်း(၁၈)ကျောင်း၊ အထက်တန်းကျောင်းခွဲ(၃)ကျောင်း၊ အလယ် တန်း ကျောင်း(၁၂)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၉)ကျောင်း၊ မူလတန်းလွန်ကျောင်း(၂၄)ကျောင်း၊ မူလတန်း ကျောင်း (၇၂)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၃)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၉)ကျောင်းရှိသည်။ အဆိုပါကျောင်း များမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းသား/သူဦးရေ စုစုပေါင်း (၆၀၃၆၈)ဦးရှိရာ မေလ(၃၁) ရက်နေ့အထိ အပ်နှံပြီးကျောင်းသား၊ ကျောင်းသူဦးရေ (၁၄၃၈၅)ဦးရှိကာ အပ်နှံရန်ကျန် ကျောင်းသား၊ ကျောင်းသူ ဦးရေ(၄၅၉၈၃)ဦး ရှိကြောင်း၊ ကျောင်းအပ်နှံရန် ကျန်ရှိသူများအား ဇွန်လကုန်အထိ ဆက်လက်လက်ခံ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း  မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

ခိုင်ထူး (မြိတ် ပြန်/ဆက်)