ဇလွန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်ရေပေးရေးနှင့် ကုန်ထုတ်လမ်း လုပ်ငန်းများ လွှဲပြောင်းပေးအပ်ပွဲကျင်းပ

ဇလွန် မေ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀- ၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ကျေးလက်ရေပေးရေးနှင့် ကုန်ထုတ်လမ်းလုပ်ငန်းများ လွှဲပြောင်းပေးအပ်ပွဲ ကို ယနေ့မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဇလွန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဇလွန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မူမူသင်းက မိမိတို့ကျေးရွာဖွံ့ဖြိုး တိုးတက်စေရန် သက်ဆိုင်သူအားလုံးနှင့် ပူးပေါင်း ဆောင်ရွက်ကြရန်နှင့် ဆောင်ရွက်ပြီးဖွံ့ဖြိုးရေး လုပ်ငန်းများကို အကျိုးရှိစွာ အသုံးပြုကြရန် ရှင်းလင်း ပြောကြားခဲ့သည်။

ယင်းနောက် ကျုံတနော်တောင်ကျေးရွာ (ရေပေးရေး)လုပ်ငန်း၊ ရွာသစ်ကုန်းကျေးရွာ (ရေပေးရေး) လုပ်ငန်း၊ ညောင်ပင်ရွာသစ်ကျေးရွာ (ရေပေးရေး)လုပ်ငန်း၊ ထန်းတပင်ကျေးရွာ (ရေပေးရေး) လုပ်ငန်း၊ သရက်တပင် တောင်ကျေးရွာ (ကုန်ထုတ်လမ်း) အမှတ်၁+၂၊ သရက်တပင်တောင်ကျေးရွာ (ကုန်ထုတ်လမ်း) အမှတ် ၃ တို့ကို လွန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် အဖွဲ့ဝင်များက ကျေးရွာကော်မတီဝင်များထံ အသီးသီး လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝေယံ-ဇလွန်(ပြန်/ဆက်)