ညောင်ဦးမြို့နယ်တွင် ရေသွင်းနှမ်းများ အောင်မြင်ဖြစ်ထွန်း နှုတ်သိမ်းချိန် ဈေးကောင်းရရန် ရေသွင်းနှမ်းစိုက် တောင်သူများ မျှော်လင့် ‌

ညောင်ဦး မေ ၃၁

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် နွေနှမ်းစိုက်ပျိုးမှုကို မြေအောက်ရေအသုံးပြု၍ ရေသွင်း စိုက်ပျိုးကြရာ နှမ်းများအောင်မြင်ဖြစ်ထွန်းပြီး နှမ်းနှုတ်သိမ်းရောင်းချချိန် ဈေးကောင်းရရန် ရေသွင်းနှမ်း စိုက်ပျိုး တောင်သူများ မျှော်လင့်နေကြကြောင်း တောင်သူ ဦးဝင်းတင့်ထံက သိရသည်။

ညောင်ဦးမြို့နယ် လက်ပံခြေပေါ် ကျေးရွာအုပ်စု၊ ကျေးရွာများ၊ သူကောင်းတည်အုပ်စု၊ ကျေးရွာများ၊ သစ်ထောင့်ကျွန်းအုပ်စု၊ ကျေးရွာများသည် နွေနှမ်းကြဲပက် စိုက်ပျိုးခြင်းအား မိုးကိုမမျှော်တော့ပဲ မြေအောက်ရေ တူးဖော်ကာ ရေသွင်း၍စိုက်ပျိုးကြရာ နှမ်းများအောင်မြင်ဖြစ်ထွန်းပြီး အပွင့်ပွင့်နှုန်း ကောင်းမွန်ကာ အသီး သီးနှုန်းလည်း ကောင်းမွန်ဖို့ မျှော်လင့်နေကြကြောင်း သိရသည်။

ရေသွင်းကြဲပက် စိုက်ပျိုးထားသည့် နှမ်းများ အပင်ပေါက်နှုန်း၊ သန်မာထွားကြိုင်းပြီး နှမ်းခင်းများ မြောင်းလုပ် ရေသွင်းခြင်း၊ အပူဒဏ်ကာကွယ်နိုင်ရန် ရေဖြန်းခြင်းများ လုပ်ဆောင်ပေးကြကြောင်း သိရသည်။

ညောင်ဦးမြို့နယ်မှ ထွက်ရှိသည့် ဆီထွက်သီးနှံများဖြစ်သည့် နေကြာ၊ နှမ်း၊ မြေပဲတို့အား ပခုက္ကူ ဈေးကွက်သို့ အားထား ရောင်းချကြကြောင်း နွေနှမ်းများပေါ်လျှင်လည်း ပခုက္ကူပွဲရုံများသို့ သွားရောက် ရောင်းချကြကြောင်း သိရကာ နွေနှမ်းများ နှုတ်သိမ်းရောင်းချချိန် တောင်သူများ ဈေးကောင်းရရန် မျှော်လင့်နေကြကြောင်း တောင်ဖက်တန်း ကျေးရွာ ဦးမင်းညိုက ရှင်းပြ၍ သိရသည်။

ကိုထိန်၊KPD