ပဲခူး မေ ၃၁
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ယနေ့ နံနက်ပိုင်းက အများပြည်သူ စိတ်လက် အပန်းဖြေနိုင်စေရေး ကမ္ဘောဇသာဒီနန်းတော် အဆင့်မြှင့်တင် ဆောင်ရွက်နေမှုအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ပဲခူးမြို့၊ ကမ္ဘောဇသာဒီနန်းတော်ရာဝန်းအတွင်းရှိ မြေနန်းပြဿဒ်ဆောင်နှင့် ဘမရာသန ပလ္လင်တော်ဆောင်သို့ သွားရောက်ခဲ့ပြီး နန်းတော်ကုန်း ပြန်လည်တူးဖော်စဉ် ရရှိခဲ့သည့် ကျွန်းတိုင်များ၊ မှတ်တမ်းဓါတ်ပုံများ ပြသထားရှိမှုနှင့် ထပ်မံအဆင့်မြှင့်တင်ဆောင်ရွက်မည့် အခြေအနေများအား ပဲခူးတိုင်းဒေသကြီး ရှေးဟောင်းသုတသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ဇော်က လိုက်လံ ရှင်းလင်းတင်ပြခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ကမ္ဘောဇသာဒီ နန်းတော်အား ၁၅၅၆ ခုနှစ်တွင် ဘုရင့်နောင် မင်းတရားကြီးက တည်ဆောက်ခဲ့ပြီး ၁၆ ရာစုရှိ မြန်မာ့ အင်ပါယာ၏ ခန့်ငြားထည်ဝါမှုကို ဖော်ပြနေသော ပြယုဒ်ဖြစ်၍ ရေရှည်တည်တံ့စေ ရေး၊ နောင်မျိုးဆက် သစ်များ ထိတိုင် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရေးတို့အတွက် စဉ်ဆက်မပြတ် ထိန်းသိမ်း စောင့်ရှောက်ရမည်ဖြစ်ကြောင်း၊ ယင်းသို့ ထိန်းသိမ်းစောင့်ရှောက်ရာတွင်လည်း ရှေးမူလက်ရာမပျက် ထိန်းသိမ်းရန် အလွန်အရေးကြီးကြောင်း တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ကမ္ဘောဇသာဒီ နန်းတော်ရာဝန်းအတွင်း Historical Park အဖြစ် အများပြည်သူ စိတ်လက်အပန်းဖြေနိုင်စေရေး အဆင့်မြှင့်တင် ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ဟံသာဝတီ ကျုံးဟောင်း၊ ကျုံးပတ်လမ်းနှင့် မြို့ရိုးတူးဖော်ပြီးစီးမှုနေရာများတွင် အများပြည်သူ လမ်းလျှောက်အပန်းဖြေ နိုင်စေရေး စီစဉ် ဆောင်ရွက်နေမှုတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
ဝဏ္ဏမောင်