မီးသတ်တပ်ဖွဲ့ဝင်များက အခြေခံပညာကျောင်းများတွင် ပိုးသတ်ဆေးဖျန်းပေးခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

မန္တလေး မေ ၃၁ မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်တွင်မီးသတ်တပ်ဖွဲ့ဝင်များက အခြေခံပညာကျောင်းများ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် နိုင်ရေးအတွက်ပိုးသတ်ဆေးဖျန်းပေးခြင်းနှင့် သန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်ပေးခြင်းကို ဇွန်လ ၁ ရက် ကျောင်းဖွင့်ရက်အမီ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီကလည်း ဥပုသ်တော်ရပ်ကွက်ရှိ အမှတ်(၂၅)အခြေခံ ပညာအထက်တန်းကျောင်းတွင် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါလုပ်ငန်းများဆောင်ရွက်ပေးရာတွင် အောင်မြေသာစံမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြင့်ခိုင်နှင့် ဒုတိယမြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးသူရိန်ဖြိုးတို့ ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်များ၊ ဥပုသ်တော်ရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့ တပ်စုမှူး မြင့်လွင်စိုး၊ အမရဌာနီအရှေ့ရပ်ကွက်အရန်မီးသတ်တပ်ဖွဲ့ တပ်စုမှူးအောင်ဝင်းနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များက စုပေါင်း၍ ကျောင်းအုပ်ကြီးရုံးခန်း၊ အစည်းအဝေးခန်းမ၊ စာသင်ခန်းမဆောင်များ၊ မုန့်ဈေးတန်းနှင့် ကျောင်းဝင်းအတွင်းတို့ကို ပိုးသတ်ဆေးဖျန်းခြင်းနှင့် သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။ အလားတူ မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ အမှတ်(၃၃) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၈) (၉) (၁၁) မူလတန်းကျောင်းများတွင်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ဇော်လင်းဦး(အောင်စံ)