သုံးခွမြို့နယ် အမှတ် ၁၁ ရပ်ကွက် မြို့မဈေး သောက်သုံးရေကန်အား သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်

သုံးခွ ဩဂုတ် ၉

ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဖြည့်စွက်ပိုလျှံရန်ပုံငွေဖြင့် မြို့နယ် စည်ပင်သာယာရေး ကော်မတီမှကြီးကြပ်ပြီး အမှတ် ၁၁ ရပ်ကွက်ရှိ​မြို့မစျေးကန်အား အဆင့်မြင့်တင်ခြင်းနှင့် စိမ်းလန်း စိုပြေ သန့်ရှင်းသာယာ လှပေစေရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကန်ပေါင်တွင် အလှအုတ်ဘလောက်တုံး (လေးပေခွဲအကျယ် အရှည်ပေ ၁၅၀၀ ခန့်) ခင်းခြင်း၊ မီးတိုင် ၁၆ တိုင်တွင် ဝပ် ၁၅၀ မီးလုံး ၃၂ လုံး ထွန်းညှိထားရှိခြင်း၊ ကန်ပတ်လည် မြေထိန်းနံရံ ပြုပြင်ခြင်း၊ မြို့မစျေးအတွင်း ရေပေးရန်ရေစက်ရုံ တည်ဆောက်ခြင်း၊ ကန်ပေါင်ထိပ်ဓမ္မစေတီ လမ်းတွင် အလျားပေ ၁၆၀ အနံ ၁၀ ပေ၊ ပလက်ဖောင်းအသစ် ပြုလုပ်ခြင်း၊ ကန်တွင်းဆင်း အုတ်လှေခါးထစ် နှစ်ခု ပြုလုပ်ခြင်း၊ ကန်အဝင်တံခါး ငါးပေါက်၌ ဆလိုက်သံပန်းတံခါး ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ကန်ပေါင်တွင် ပန်းအလှပင်များ စိုက်ပျိုးခြင်း မြေယာရှုခင်းပြုပြင်ခြင်း အပန်းဖြေရန် ထိုင်ခုံများ ထားရှိခြင်းနှင့် အားကစားပြုလုပ်ရန်လည်း ကိရိယာများ တပ်ဆင်ပေးထားကြောင်း သိရသည်။ ထိုသို့ပြုလုပ် ပေးထားသဖြင့် ပြည်သူများ စိတ်အပန်းဖြေစရာ နေရာတစ်ခုဖြစ်လာပြီး ကျန်းမာရေးအတွက် အားကစားပြုလုပ် သူများ လမ်းလျှောက်သူများလည်း အဆင်ပြေလျက်ရှိကြောင်း သိရသည်။

စည်သူလင်း ပြန်/ဆက်