ကျောက်မဲ မေ ၃၁
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်းထိန်နှင့်ဝန်ထမ်းများသည် မေလ ၂၉ ရက်နေ့က ပန်းခင်းစီမံချက်အရ ကျောက်မဲမြို့နယ်၊ ခေးနင်းကျေးရွာအုပ်စုနှင့် ဟဲကွီ ကျေးရွာအုပ်စုရှိ ကျေးရွာ ၁၈ ရွာမှပြည်သူများအတွက် ခေးနင်းကျေးရွာ ဘုန်းကြီးကျောင်းတွင် အခြေပြု၍ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ နေ့တွင် ယင်းကျေးရွာ ၁၈ ရွာမှ ပြည်သူ ၁၂၇ ဦးတို့အတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများပြုလုပ်ပေးခြင်း၊ အိမ်ထောင်စု စာရင်းပျောက်ဆုံး၊ ပျက်စီးနေသည့် အိမ်ထောင်စု ၈၉ စုအတွက် အိမ်ထောင်စုစာရင်းများထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျောက်မဲမြို့နယ် ဦးစီးမှူးရုံးအနေဖြင့်ပန်းခင်းစီမံချက် စတင်သည့်မေ ၃ ရက်နေ့မှစ၍ ယနေ့အထိ ကျောက်မဲမြို့နယ်အတွင်းရှိ ပြည်သူ ၇၁၈ ဦးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများကိုလည်းကောင်း၊ အိမ်ထောင်စု ၁၉၀၁ စုအတွက် အိမ်ထောင်စုစာရင်းများကိုလည်းကောင်း ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မြို့နယ်ဦးစီးမှူး၏ ပြောကြားချက်အရ သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)