ဆိပ်ကြီးခနောင်တို မေ ၃၁
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ ရပ်ကွက်စာကြည့်တိုက်များအတွက် စာကြည့်တိုက် မှတ်ပုံတင်လက်မှတ် ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန ခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်း ချုပ်ရေး လမ်းညွှန်ချက်များနှင့် အညီပြုလုပ်ခဲ့ရာ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ဇာခြည်စိမ့်က တက်ရောက်လာသည့် စာကြည့်တိုက် ကော်မတီဝင်များအား “ မိမိတို့ စာကြည့်တိုက်၏ အဆောက်အဦအခြေအနေ၊ သုတ/ရသစာအုပ်စာစောင်နှင့် ပရိဘောဂ လိုအပ်ချက် များအား မြို့နယ်ရုံးသို့ လာမည့် ဇွန်လ ၂ ရက်နေ့အရောက် ပေးပို့ဆောင်ရွက်သွားရန်” ဆွေးနွေး ပြောကြားပြီး၊ မြို့နယ် စာကြည့်တိုက်များ ကြီးကြပ်မှု ကော်မတီ ဥက္ကဌ ဒေါ်ဝင်းဝင်းကျော်က “ ရန်ကုန်တိုင်းဒေသကြီး၊ စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ၏ ညွှန်ကြားချက်အရ မြို့နယ်အတွင်းရှိ ရပ်ကွက်စာကြည့်တိုက် ၅ တိုက်အား စာကြည့်တိုက်မှတ်ပုံတင်လက်မှတ် ပေးအပ်သွားမည် ဖြစ်ကြောင်း၊ စာကြည့်တိုက် အသင်းဝင်တိုးပွားရေး၊ စာအုပ်၊ စာစောင် အသစ်များတိုးပွားရေးနှင့် ရေရှည်တည်တံ့အောင် ဝိုင်းဝန်း ထိန်းသိမ်းဆောင်ရွက်ပေးဖို့ လိုကြောင်း” ဆွေးနွေးပြောကြားသည်။
ထို့နောက် မြို့နယ် စာကြည့်တိုက်များကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌ နှင့် အတွင်းရေးမှူးတို့က ဆိပ်ကြီး အရှေ့ရပ်ကွက်၊ ဆိပ်ကြီးအနောက်ရပ်ကွက်၊ ခနောင်တိုအရှေ့ရပ်ကွက်၊ ခနောင်တိုအနောက်ရပ်ကွက်နှင့် ဆမားဒူးဝါးရပ်ကွက်တို့ရှိ ရပ်ကွက် စာကြည့်တိုက် ၅ တိုက်အတွက် စာကြည့်တိုက်မှတ်ပုံတင် လက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝေယံ(IPRD)