သုံးခွ ဩဂုတ် ၉
ကိုဗစ် - ၁၉ ရောဂါကြောင့် စီးပွားရေးအပေါ် ထိခိုက်မှု သက်သာရေးစီမံချက် (CERP) အရ ကန့်သတ်ချက်များ ဖြေလျှော့ပြီးနောက် မွေးမြူ ထုတ်လုပ်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပြန်လည်ဖော်ဆောင်နိုင်ရန် တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်လာစေရန် ရည်ရွယ်၍ ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ပတုပ်ကျေးရွာ အုပ်စု ဦးကြာမှိုင်း ပတုပ်ကျေးရွာ ဘုန်းတော်ကြီး ကျောင်းတွင် ယမန်နေ့ နံနက်ပိုင်းက ကျွဲနွားမွေးမြူရေး သင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကျော်ကိုကိုခိုင်က တစ်ပိုင်တစ်နိုင်နှင့် စီးပွားဖြစ် ကျွဲနွားမွေးမြူခြင်းဖြင့် မိသားစုဝင်ငွေ တိုးပွားကာရရှိမည့် အကျိုးအမြတ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဒုတိယမြို့နယ်ဦးစီးမှူး ဒေါက်တာခင်ဘုန်းမြင့်တို့က ကျွဲနွား အမျိုးအစား၊ ကျွဲနွားများအား ကျန်းမာရေးနှင့် ညီညွှတ်စွာ စနစ်တကျ ပြုစုမွေးမြူနည်း၊ ကျွဲနွားများတွင် ရာသီအလိုက် အများဆုံး ဖြစ်ပွားတတ်သော ရောဂါများအကြောင်း၊ ကူးစက်ရောဂါများ မဖြစ်ပွားအောင် ကြိုတင်ကာကွယ် နည်းများ၊ ကုသနည်းလမ်းများ၊ ကျွဲနွားများအား ပြည်ပသို့တင်ပို့ခြင်းနှင့် စျေးကွက် အခြေအနေ အကြောင်းများကို ပရိုဂျက်တာဖြင့် ရှင်းလင်းဟောပြောပို့ချခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းသို့ သင်တန်းသား ၂၅ ဦး တက်ရောက်လျက်ရှိပြီး သူကြီးပတုပ်ကျေးရွာ၊ သရောတောကျေးရွာ၊ သဲကုန်းကျေးရွာ သုံးရွာတွင် လည်း သင်တန်းများ ဆက်လက်ဖွင့်လှစ်ပို့ချမည်ဟု မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကျော်ကိုကိုခိုင်က ပြောကြားခဲ့သည်။
စည်သူလင်း ပြန်/ဆက်