ကြာအင်းဆိပ်ကြီး ဇွန် ၁
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ယခုမိုးရာသီတွင် ထွန်ယက်စိုက်ပျိုး မည့် မိုးစပါးများ အထွက်နှုန်းတိုးတက်ကောင်းမွန်လာစေရေး၊ မြေဆီမြေလွှာများ မြေချဉ်ဓာတ် လျော့နည်းကာ မြေဆီလွှာများ ဖွံ့ဖြိုးကောင်းမွန်လာစေရေးအတွက်ရည်ရွယ်ပြီး သစ်စိမ်းမြေဩဇာ ထည့်သွင်းခြင်းနှင့် တောင်သူအသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ညနေ ၄ နာရီအချိန်က သံပုရာကျေးရွာအုပ်စုရှိ မရိကလကျေးရွာမှ ဒေသခံတောင်သူဦးညွှန့်ဝင်း၏ မိုးစပါးလယ်(၂)ဧက စိုက်ခင်းတွင် ပြုလုပ်ကျင်းပကြောင်း သိရသည်။
အဆိုပါသစ်စိမ်းမြေဩဇာ ထည့်သွင်းခြင်းနှင့် တောင်သူအသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးစောထီလာက ဒေသခံတောင်သူများအား ယခု မိုးရာသီတွင် စိုက်ပျိုးမည့် မိမိတို့၏လယ်ယာမြေအတွင်းသို့ ထုံးထည့်သွင်းခြင်း၊ သစ်စိမ်းမြေဩဇာ ဖြစ်သည့် ပိုက်ဆံလျှော်ထည့် သွင်းစိုက်ပျိုးခြင်းဖြင့် မြေဆီလွှာများ ဖွံ့ဖြိုးလာမှုအခြေအနေနှင့် အကျိုးကျေးဇူးများ ထည့်သွင်းစိုက်ပျိုးရ မည့်အခြေခံနည်းစနစ်များ ပြန်လည်အသုံးပြု ဆောင်ရွက်ရ မည့် နည်းစနစ်များအား ရှင်းလင်းဆွေးနွေးပြောကြားကာ ဒေသခံတောင်သူများမှ သိရှိလိုသည်များ မေးမြန်းကာ တာဝန်ရှိသူက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဒေသခံတောင်သူများမှ လယ်ယာအတွင်းသို့ ထုံးနှင့် ပိုက်ဆံလျှော်မျိုးစေ့များအား စုပေါင်းထည့်သွင်းခဲ့ကြောင်းသိရသည်။ ၎င်းသစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော် ထည့်သွင်းစိုက်ပျိုးရာတွင် လယ်တစ်ဧလျှင် ပိုက်ဆံလျှော်(၁)ပြည်နှုန်းနှင့် ထုံးအိတ် (၁၀)ထည့်သွင်းပြီး အ ပင်သက်တမ်း(၃၅)ရက်နှင့်ရက် (၄၀) တွင် ပြန်လည်ထယ်ထိုး မြေလှန်မြှုပ်နှံမှု ဆောင်ရွက်၍ မိုးစပါးပြန်လည် စိုက်ပျိုးခြင်းဖြင့် စပါးအထွက်နှုန်းတိုးတက် ကောင်းမွန်လာမည် ဖြစ်ကြောင်းသိရသည်။
မျိုးမင်းဦး