မိုင်းယောင်း ဇွန် ၁
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကြောင့် အခြေခံပညာကျောင်းများ ယာယီပိတ်ထားရာမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ဇွန်လ ၁ ရက်နေ့တွင် အခြေခံပညာကျောင်းများ စတင် ဖွင့်လှစ်ရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ကျောင်းများစတင်ဖွင့်လှစ်ရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များ အတိုင်း ဆရာ/မများက ကျောင်းဝင်ပေါက်ဝတွင် အပူချိန်တိုင်းခြင်း၊ နှာခေါင်းစည်း (Mask)နှင့် Face Shield များတပ်ဆင်စေခြင်း၊ လက်ဆေးစေခြင်းများ ပြုလုပ်ပြီးနောက် ကျောင်းသို့ စနစ်တကျ တန်းစီပြီး အတန်းလိုက်ဝင်ရောက်စေကာ၊ စာသင်ခန်းတွင်း၌လည်း တစ်ဦးနှင့်တစ်ဦး သတ်မှတ်အကွာအဝေးဖြင့် ထိုင်ရသဖြင့် ကျောင်းသားဦးရေအလိုက် မနက်ပိုင်းနှင့် ညနေပိုင်းဖြင့် စာသင်ချိန်အခန်းများခွဲ၍ သတ်မှတ်ဖွင့်လှစ်သင်ကြားပေလျက်ရှိကြောင်း သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူ၏ ကြီးကြပ်မှုဖြင့် စစ်ဘက်ဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျောင်းသားမိဘကော်မတီများပါဝင်သော အဖွဲ့က ကျောင်းဝင်းအတွင်းနှင့်အပြင် လုံခြုံရေးများ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အားချာ