ချင်းရွှေဟော် ဩဂုတ် ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ နှစ်နိုင်ငံနယ်စပ် ဂိတ်ပေါက်မှ ဝင်ရောက် လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီက ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် စနစ်တကျ စီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ ဩဂုတ်လ ၇ ရက်နေ့၊ ညနေ (၆) နာရီ အချိန်က (၁၆)ဉီးနှင့် ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲ အချိန်က(၂၃)ဉီး စုစုပေါင်း နေရပ်ပြန်ပြည်သူ (၃၉)ဉီးတို့အား ထပ်မံလွှဲပြောင်း ပို့ဆောင် ပေးခဲ့ သည်။
အဆိုပါ ထပ်မံလွှဲပြောင်း ပို့ဆောင်ပေးခဲ့သည့် နေရပ်ပြန်ပြည်သူ(၃၉)ဉီးမှာ အမျိုးသား(၁၉)ဉီး၊အမျိုးသမီး(၂၀)ဉီးတို့ ဖြစ်ပြီး မန္တလေး တိုင်းဒေသကြီး၊ ကျောင်းပန်းတောင်းမြို့နယ်မှ(၈)ဉီး၊ မိတ္ထီလာမြို့နယ်မှ(၁)ဉီး၊ အမရပူရမြို့နယ်မှ(၁)ဉီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်မှ(၄) ဉီး၊ မကွေးတိုင်း ဒေသကြီး၊ရေစကြိုမြို့နယ်မှ(၁)ဉီး၊ နတ်မောက်မြို့နယ်မှ(၈)ဉီး၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်မှ(၄)ဉီး၊ ကွတ်ခိုင်မြို့နယ်မှ (၁)ဉီး၊ တန့်ယန်း မြို့နယ်မှ(၃)ဉီး၊ လောက်ကိုင်မြို့နယ်မှ(၃)ဉီးနှင့် ကွမ်းလုံမြို့ နယ်မှ(၅)ဉီး တို့ဖြစ်ကြောင်း သိရသည်။
ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ နေရပ်ပြန်ပြည်သူ များအား စနစ်တကျ စီစဉ်လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ဧပြီလ ၃၀ ရက်နေ့မှ ယနေ့အထိ အမျိုးသား (၇၉၂၆)ဉီးနှင့် အမျိုးသမီး(၆၃၅၁)ဉီး တို့ဖြစ်ပြီး စုစုပေါင်း နေရပ်ပြန်ပြည်သူ (၁၄၂၇၇)ဉီးတို့ကို လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိ ရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)