ကော့သောင်းမြို့တွင် လမ်းထွက်သွားလာနေကြသူများအား မဖြစ်မနေ နှာခေါင်းစည်းတပ်ဆင်ကြရေး Mask Campaign လုပ်ငန်း အရှိန်အဟုန်မြှင့်ဆောင်ရွက်

ကော့သောင်း ဇွန် ၁

ကူးစက်မှုပြန်လည်ဖြစ်ပွားလာနေသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ထိန်းချုပ်နိုင်ရေး ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ကြီးကြပ်မှုဖြင့် လမ်းထွက်သွားလာနေကြသူများအား ပါးစပ်နှာခေါင်းစည်းများ လိုက်လံဝေငှ တပ်ဆင်ပေးသည့် Mask Campaign လှုပ်ရှားမှု တစ်ရပ်ကို ကော့သောင်းမြို့၊ အဏ္ဏဝါ ရပ်ကွက်၊ နာရီစင်လမ်းဆုံ၌ ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

ကော့သောင်းမြို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများအား ကဏ္ဍစုံမှ လှုပ်ရှား ဆောင်ရွက်လျက်ရှိရာ မြို့နေပြည်သူများ လမ်းထွက်ပါက နှာခေါင်းစည်းများ တပ်ဆင်ကြရေး ကျယ်ကျယ်ပြန့်ပြန့် အသိပေးထားပြီးဖြစ်ရာ ပြည်သူအများစု နှာခေါင်းစည်း တပ်ဆင်ကြသော်လည်း  စည်းကမ်းမလိုက်နာသူ ပြည်သူတစ်ချို့ကြောင့် ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရေး ယခုကဲ့သို့ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်ရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနဝန်ထမ်းများ၊ ကျန်းမာရေးဌာန၊ မီးသတ်ဦးစီးဌာနနှင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ များ၊ NGO အဖွဲ့များ၊ Volunteer အဖွဲ့များ ပူးပေါင်းကာ လမ်းထွက်သွားလာနေသူများကို ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှခြင်း၊ ပါးစပ်နှာခေါင်းစည်း အခုသုံးထောင့်ငါးရာကျော် အသုံးပြုကာ ဝေငှတပ်ဆင်ပေးခြင်းစသည့် ကမ်ပိန်းလုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ Mask Campaign လုပ်ငန်းများအား အဖွဲ့ပေါင်းစုံဖြင့် ဆောင်ရွက်နေမှုအခြေအနေကို ကော့သောင်းခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်၊ ကော့သောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုနှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှု လမ်းညွှန်ခဲ့ကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)