နေပြည်တော် ဇွန် ၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ ယနေ့ နံနက်ပိုင်းမှ စတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသားကျောင်းသူများ ကျောင်းအတွင်း မဝင်ရောက်မီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်းများနှင့် မျက်နှာအကာများ တပ်ဆင်စေခြင်း၊ ကျောင်းအတွင်းထားရှိသည့် လက်ဆေးဘေစင်များတွင် စနစ်တကျ လက်ဆေးစေခြင်း၊ စာသင်ခုံတစ်ခုံလျှင်နှစ်ဦး သင်ကြားစေလျက်ရှိပြီး ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသား မိဘများ၊ ဆရာ/ဆရာမများနှင့် ကျောင်းအကျိုးတော်ဆောင်များ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဒက္ခိဏသီရိမြို့နယ်အတွင်း၌ အခြေခံပညာအထက်တန်းကျောင်း(၃)ကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)(၂)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)(၄)ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း(၄)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း(၉)ကျောင်း နှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၂)ကျောင်း စုစုပေါင်း(၂၄)ကျောင်းတို့တွင် အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ(၅၁၁)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၁၆၆၆)ဦး၊ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ(၂၄၄၁)ဦး စုစုပေါင်း (၄၆၁၈)ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းဝင်း