ရန်ကုန် ဇွန် ၁
ဇွန်(၁)ရက်နေ့မှစ၍ မြန်မာနိုင်ငံတစ်ဝန်းရှိ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နေပြီဖြစ်သည်၊ မူလတန်းအဆင့်မှ အထက်တန်းအဆင့်အထိ ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများဖြင့် ပြန်လည်စည်ကားလာနေသည်ကို မြင်တွေ့ရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်အတွင်းရှိ၊ အခြေခံပညာ ကျောင်းများ၏ ၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးများ အားလုံး၊ ပညာသင်ခွင့်ရရှိရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်းချက်များနှင့်အညီ၊ ယနေ့နံနက်ပိုင်းမှ စတင်၍ ကျောင်းများ ပြန်လည်ဖွင့်လှစ်နေပြီ ဖြစ်သည်။
“ယနေ့ဇွန်(၁)ရက်နေ့တွင်၊ ဆရာမတို့ကျောင်းအနေနဲ့ အခြေခံပညာအဆင့်၊ မူလတန်းအဆင့်မှ အထက်တန်းအဆင့်အထိ ကျောင်းတွင် ကျောင်းသားကျောင်းသူများ ပြန်လည်စည်းကားလာသည်ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်၊ မိဘတွေအနေနဲ့ မိမိတို့သားသမီးတွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်စိတ်တွေ ရှိနေတာကို သိရှိရပါတယ်၊ ဒါကြောင့် ဆရာမတို့အနေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှုးများဖြင့် ပူပေါင်း၍ ကျောင်းအတွင်း၊ အပြင် လုံခြုံရေးကို စီစဉ်ဆောင်ရွက်ထားပါတယ်၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်ဖွင့်ချိန်တွင် ပညာသင်ကြားမှု နှောင့်နှေးကြန့်ကြားမှုမရှိဘဲ၊ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အေးချမ်းစွာ ဆက်လက်ပညာ သင်ကြားပေးသွားမည် ဖြစ်ပါတယ်” ဟု အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း (လမ်းမတော်) မှ ကျောင်းဆရာမတစ်ဦးက ပြောကြားခဲ့သည်။
ဆက်လက်၍ ကျောင်းသားမိဘတစ်ဦးကလည်း မိမိတို့ရဲ့ကလေးတွေကို ပညာတတ်ကြီးများ ဖြစ်စေချင်ပါကြောင်း၊ မိမိတို့ သားသမီးများအား လုံခြုံစိတ်ချ၊ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ယူ စေချင်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပညာသင်ယူခွင်ရရှိအောင် အဖက်ဖက်မှ ကူညီပံ့ပိုး ဆောင်ရွက်ပေးသူများ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
ယခုနှစ်ပညာသင်နှစ်တွင် အသက်(၅)နှစ်အရွယ် ကလေးများကို သူငယ်တန်း၊ အသက်(၆)နှစ်အရွယ် ကလေးများကို ပထမတန်း၊ သင်ကြားရမည်ဖြစ်ပြီး၊ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း၊ စတုတ္ထတန်း၊ ဆဌမတန်း၊ သတ္တမတန်း၊ ဒဿမတန်းတို့ကို(သင်ရိုးသစ်)နှင့် သတ္တမတန်း၊ အဌမတန်း၊ ဒဿမတန်းတို့ကို (သင်ရိုးဟောင်း)တို့ဖြင့် သင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရသည်။
လမ်းမတော်မြို့နယ်အတွင်း အခြေခံပညာကျောင်း ထက်၊ လယ်၊ မူ ကျောင်း(၆) ကျောင်း၊ ကိုယ်ပိုင် အထက်တန်းကျောင်း(၃)ကျောင်း၊ စာသင်ကျောင်း စုစုပေါင်းကျောင်း (၉)ကျောင်းရှိကြောင်း သိရှိရသည်။
ကျော်ဆန်းမြင့်