ပုသိမ်-ငပုတော ကားလမ်းအား ယာဉ်နှင့်ကုန် ၈ တန်အထိ တင်ဆောင်နိုင်သော ကားများသာ ဖြတ်သန်း သွားလာခွင့်ပြု

ငပုတော ဇွန်

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပုသိမ်မြို့နှင့်ငပုတောမြို့ကြား ဆက်သွယ်ထားသည့် ပုသိမ်-ငပုတော ကားလမ်းအား ဇွန်လ ၁ ရက်နေ့မှစတင်၍ ယာဉ်နှင့်ကုန် စုစုပေါင်း အလေးချိန် ၈ တန်အထိသာရှိသော ယာဉ်များ ကိုသာ ဖြတ်သန်းသွားလာခွင့် ပြုထားကြောင်းနှင့် တန်ပိုတင်ဆောင်ပါက လမ်းမကြီးများ ဥပဒေအရ အရေးယူ ခံရမည် ဖြစ်ကြောင်း ငပုတောမြို့နယ် လမ်းဦးစီးဌာနမှ တားမြစ်အသိပေး ထုတ်ပြန်ထားသည်။

အဆိုပါ ကားလမ်းပေါ်တွင် မိုးရာသီကာလအတွင်း ကားကြီးများ ဖြတ်သန်းသွားလာခြင်းကြောင့် လမ်းများ ပျက်စီးမှု မဖြစ်ပေါ်စေရန်နှင့် လမ်းများကို ရေရှည်အသုံးပြုစေနိုင်ရန်အတွက် ယာဉ်ငယ်များကိုသာ ဖြတ်သန်း သွားလာခွင့်ပြုခြင်း ဖြစ်ကြောင်း သိရသည်။

ပုသိမ်-ငပုတော ကားလမ်းပေါ်တွင် ဇွန်လပထမပတ်မှစတင်ကာ အောက်တိုဘာ နောက်ဆုံးပတ်အထိ ယာဉ်နှင့်ကုန် စုစုပေါင်း ၈ တန်အထိ တင်ဆောင်နိုင်သော ကားများကိုသာ ဖြတ်သန်းသွားလာခွင့် ပြုသွားမည်ဖြစ်ပြီး နိုဝင်ဘာလဆန်းပိုင်းမှစ၍ ကားအားလုံးကို ပြန်လည်ဖြတ်သန်းခွင့် ပြုသွားမည်ဖြစ်ကြောင်း မြို့နယ်လမ်းဦးစီးဌာနက အသိပေးထုတ်ပြန်ထားခြင်း ဖြစ်သည်။

လှမင်းထွဋ်(ပြန်/ဆက်)