မြောက်ဦး ဇွန် ၁
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ဖွင့်လှစ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီမှစတင်၍ ရခိုင်ပြည်နယ်၊ မြောက်ဦး မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းများတွင်လည်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အခြေခံပညာကျောင်းများစတင်ဖွင့်လှစ် ပို့ချသင်ကြားပြသလျှက်ရှိကြောင်း သိရသည်။
ထိုသို့ အခြေခံပညာကျောင်းများပြန်လည်ဖွင့်လှစ်ပို့ချရာတွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနိုင်ရန်အတွက် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းဝင်းအတွင်းသို့ မဝင်ရောက်မီ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ကျောင်းတက်ရန်ရောက်ရှိလာသော ကျောင်းသား/ ကျောင်းသူများကို ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ စာသင်ခန်းအတွင်းသို့မဝင်ရောက်မီ ဆပ်ပြာ(သို့မဟုတ်) လက်သန့်ဆေးရည် ဖြင့်စနစ်တကျလက်ဆေးစေခြင်း၊ စာသင်ခန်းအတွင်း၌လည်း တစ်ဦးနှင့်တစ်ဦး သတ်မှတ် အကွာ အဝေးနေရာများ စီစဉ်ထားရှိခြင်း၊ နှာခေါင်းစည်းများနှင့် မျက်နှာဖုံးအကာ (Face Shield) များတပ်ဆင်စေပြီးမှ ဆရာ၊ ဆရာမများမှ သင်ခန်းစာများအားသင်ကြား ပို့ချပြသ ပေးခြင်း အစရှိသည့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများစတင် ဖွင့်လှစ်သင်ကြားပို့ချလျက် ရှိကြောင်း သိရှိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)