ရန်ကုန် ဇွန် ၁
"ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့" ဆိုသည့် ဆောင်ပုဒ်နှင့်အညီ စည်းကမ်းပြည့်ဝပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးကို တည်ဆောက်တဲ့နေရာမှာ ပညာရေးရဲ့ အခန်းကဏ္ဍဟာ များစွာအရေးကြီးတဲ့အတွက် ပညာရေးဝန်ကြီးဌာနက "ဘာသာရေး၊ လူမျိုးရေး၊ ကျား/မ ဆင်းရဲချမ်းသာ၊ မသန်စွမ်းနှင့် နိုင်ငံသားဖြစ်မှုဆိုင်ရာတို့ကို ခွဲခြားမှုမရှိဘဲ ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့် ရရှိစေရန်" ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် အပါအဝင် နိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာကျောင်းများကို ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်အတွက် တစ်ပြိုင်နက် ဖွင့်လှစ်ပေးခဲ့ရာ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
အဆိုပါ တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှု အခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ပညာရေး ဌာနမှ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် လာရောက်ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူလေးများအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျောင်းဝင်း အတွင်းသို့ မဝင်ရောက်မီ တာဝန်ကျ ဆရာ/ဆရာမများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်စေခြင်း၊ လက်သန့်ဆေးရည်များဖြင့် လက်ဆေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေး ထားကြောင်းလည်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၇)ကျောင်း၊ အလယ်တန်းကျောင်း (၄)ကျောင်း၊ မူလတန်းကျောင်း (၂၈)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း(၁)ကျောင်းရှိပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းသို့ လာရောက်ကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ လုံခြုံရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ် လမ်းညွှန်မှုဖြင့် နယ်မြေခံတပ်မှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများ၊ မိဘဆရာအသင်းဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များက ဝိုင်းဝန်းပူးပေါင်း ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
နိုင်လင်းအောင်(ပြန်/ဆက်)