မိုင်းဖြတ်၌ COVID-19 ရောဂါ စစ်ဆေးခြင်း၊ အသိပညာပေးခြင်း ဆက်လက်ဆောင်ရွက်

မိုင်းဖြတ် မတ် ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အဆုတ်ရောင်ရောဂါ 2019 Novel Coronavirus ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးကော်မတီအဖွဲ့ဝင်များသည် ကူးစက်ရောဂါ ပြန့်ပွားမှု မဖြစ်ပေါ်စေရေး စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉နာရီက တာချီလိတ်-မိုင်းဖြတ်-ကျိုင်းတုံသွား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ခရီးသွားပြည်သူများအား  ကိုယ်ပူချိန်များ တိုင်းတာစစ်ဆေးခြင်း၊ အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင်   ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးပြည့်နှင့် ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာကျော်မျိုးဇော်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့များ၊ သင်္ဂဟ လူမှုကူညီရေးအဖွဲ့များက ခရီးသွားပြည်သူများအား အပူချိန်တိုင်းကိရိယာဖြင့် ကိုယ်ပူချိန်များ တိုင်းတာစစ်ဆေးခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး  ကျန်းမာရေးမှူး ဦးကိုကိုဆန်းက ခရီးသွားပြည်သူများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ မဖြစ်ပွားစေရေးအတွက် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်များ၊ ဆောင်ရန်ရှောင်ရန် အချက်များကို အသိပညာပေး ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ မြို့နယ်အဆုတ်ရောင်ရောဂါ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေး ကော်မတီ ဌာနေပြန်ခရီးသွားပြည်သူများကို နေ့စဉ် နံနက် ၁၀နာရီမှ ညနေ ၄နာရီအထိ  စောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး စနေ၊ တနင်္ဂနွေ နေ့များမှာ ညပိုင်းပါ ရှောင်တခင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးပြည့်ထံမှ သိရသည်။

သန်းထွန်းအေး(ပြန်/ဆက်)