ရန်ကုန် ဇွန် ၁
ရန်ကုန်အရှေ့ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်းများကို ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းမှစပြီး ကျောင်းသား ကျောင်းသူများအား သက်ဆိုင်ရာ ကျောင်းအသီးသီးတွင် စတင်ဖွင့်လှစ် သင်ကြားပို့ချလျက်ရှိသည်။
“ကျောင်းလုံခြုံရေးအနေဖြင့် ကျောင်းသားမိဘများနှင့် ပူးပေါင်းပြီးတော့ လုံခြုံရေး အထောက်အကူပြု ကော်မတီ ဖွဲ့စည်းပြီး အလှည့်ကျ စောင့်ရှောက်ပေးမယ့် အစီအစဉ်လည်း ကျောင်းအသီးသီးမှာ ဆောင်ရွက် ထားရှိပါတယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းမျဉ်း စည်းကမ်းများကိုလည်း လိုက်နာဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ မြို့နယ်ပညာရေးမှူးမှ ပြောကြားခဲ့သည်။
COVID-19 ရောဂါ ဖြစ်ပွားမှုကြောင့် စာသင်ကြားမှုများ ယာယီရပ်ဆိုင်းထားရှိရာမှ မေလ ၂၄ ရက် နေ့မှ ၃၁ရက်နေ့ထိ ကျောင်းအပ်လက်ခံပေးခဲ့ပြီး ကျောင်းအပ်လက်ခံရာတွင် ကျောင်းသားမိဘများကို ငွေကြေး ကောက်ခံခြင်းမရှိဘဲ၊ ကျောင်းသား ကျောင်းသူများအတွက် Mask၊ Face Shield၊ ကျောင်းသုံးပြဌာန်းစာအုပ် ၊ ဗလာစာအုပ်၊ ဘောလ်ပင်၊ ခဲတံ စသည့်တို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။
သင်္ဃန်းကျွန်း မြို့နယ်တွင် အခြေခံပညာ ကျောင်းပေါင်း (၄၇)ကျောင်းရှိပြီး ကျောင်းဖွင့်လှစ် သင်ကြားရာတွင် (၅)နှစ်အရွယ်ကလေးများကို သူငယ်တန်း၊ (၆)နှစ်အရွယ်ကလေးများကို ပထမတန်း အဖြစ် သင်ကြားလျက်ရှိပြီး ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း၊ စတုတ္ထတန်း၊ ဆဋ္ဌမတန်း၊ သတ္တမတန်း၊ ဒသမတန်းတို့ကို သင်ရိုးသစ်နှင့် သတ္တမတန်း၊ အဋ္ဌမတန်း၊ ဒသမတန်းတို့ကို သင်ရိုးဟောင်း အဖြစ် သင်ကြားပို့ချလျက်ရှိကြောင်း မြို့နယ်ပညာရေးဌာနမှ သိရသည်။
စန္ဒာမိုး(ပြန်/ဆက်)