ရပ်ကွက်/ကျေးရွာများ လုံခြုံမှုရှိစေရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့်ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံဆွေးနွေး

မြစ်ကြီးနား ဇွန် ၁

မြစ်ကြီးနားမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများ လုံခြုံရေးမှုရှိစေရေးနှင့် တည်ငြိမ်အေးချမ်းရေး အတွက် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် စဉ်လျဉ်း၍ ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် မြစ်ကြီးနားခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် မြစ်ကြီးနား စုပေါင်းရုံးဝင်းအတွင်းရှိ မနော‌ရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်သည်။

တွေ့ဆုံပွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးကျော်လင်းအောင်က နိုင်ငံရေး ပြောင်းလဲမှု အခြေအနေအပေါ် ဆူပူအကြမ်းဖက်မှုဖြစ်စဉ်များနှင့် လက်နက်ကိုင်တပ်ဖွဲ့များနှင့် ထိတွေ့မှု ဖြစ်စဉ်များကို ရှင်းလင်းပြောကြားပြီး ယနေ့ နိုင်ငံတော်အုပ်ချုပ်မှုယန္တရား ပျက်စီးစေလိုသဖြင့် ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်မှ ပစ်ခတ်တိုက်ခိုက်မှုများ၊ ဖောက်ခွဲမှုများနှင့် အသက်အန္တရာယ် ခြိမ်းခြောက်မှုများကို ကြုံတွေ့လာရသဖြင့် လုံခြုံရေး အခြေအနေကို အထူးဂရုစိုက်ရန်လိုကြောင်း၊ မိမိတို့ ရပ်ကွက်၊ ကျေးရွာများ တည်ငြိမ်အေးချမ်းရေးအတွက် မိမိတို့ရပ်/ရွာ လုံခြုံမှုရှိစေ‌ရေးကို အလေးထား ဆောင်ရွက်ရန်လိုကြောင်းနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အတူတကွ လက်တွဲပူးပေါင်း ဆောင်ရွက်ရန် လိုကြောင်း မှာကြားသည်။

ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအတွင်း‌ရေးမှူး ဦးခင်မောင်လေးက ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ အနေဖြင့် မိမိကိုယ်ကိုကိုယ် လုံခြုံမှုရှိစေရေး၊ မိမိတို့၏ ရပ်ကွက်/ကျေးရွာများ လုံခြုံမှုရှိစေရေးအတွက် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ကြိုတင်စီမံဆောင်ရွက်ထားရေး၊ အခြေခံပညာ ကျောင်းများ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းစွာ ဖွင့်လှစ်သင်ကြားနိုင်ရေးတို့ကို အလေးထား ဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားသည်။

ယင်းနောက် တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ရပ်ကွက်၊ ကျေးရွာ အုပ်စုများအတွင်း  ဧရာဝတီမြစ်အတွင်း တရားမဝင်ရွှေတူးဖော်နေမှုကို တားဆီးဆောင်ရွက်ပေးနိုင်ရေး တင်ပြရာ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ကျော်လင်းအောင်က တရားမဝင် ရွှေတူးဖော်မှုများအပေါ် ကွင်းဆင်းစစ်ဆေး၍ ဥပဒေနှင့်အညီ အ‌ရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြန်လည်ရှင်းလင်း ပြောကြား ခဲ့သည်။

ပြည်နယ်(ပြန်/ဆက်)