ငဖဲ ဇွန် ၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၁ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက်ပိုင်းကစတင်၍ စည်သာကျေးရွာမှ တောင်သူ (၇၂) ဦး၏ စပါးသီးနှံစိုက်ဧက(၁၁၄)ဧကနှင့် အခြားသီးနှံစိုက်ဧက (၂၁၉)ဧက အတွက် ချေးငွေ ကျပ်သိန်းပေါင်း (၃၉၀)ကို ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ငဖဲမြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ၂၀၂၁ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေများကို မြို့နယ်အတွင်းရှိတောင်သူများ စိုက်ပျိုးရေးသွင်းအားစု ပစ္စည်းများအချိန်မီ ဝယ်ယူဖြည့်တင်းနိုင်ရန်နှင့် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် သတ်မှတ် ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထုတ်ချေးဆောင်ရွက်ပေးလျက်ရှိသည်။
ငဖဲမြို့နယ်အတွင်း ချေးငွေထုတ်ချေးရန် လျာထားသည့်ကျေးရွာအုပ်စု(၂၃)အုပ်စုမှ တောင်သူ ဦးရေ (၂၈၂၁ ) ဦးတို့ကို ချေးငွေကျပ်သိန်းပေါင်း(၁၅၀၀၀)ထုတ်ချေးပေးရန်လျာထား ထားရှိပြီး စပါးသီးနှံစိုက် တစ်ဧကလျင် ငွေကျပ်တစ်သိန်းငါးသောင်းနှုန်းနှင့် အခြားသီးနှံစိုက်တစ်ဧကလျင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် ထုတ်ချေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် မိုးသီးနှံ စိုက်ပျိုးစရိတ် ချေးငွေ ထုတ်ချေးပေးရန်ကျန်ရှိသည့် ကျေးရွာအုပ်စု(၂၂)အုပ်စုမှ တောင်သူများကိုလည်း စက်တင်ဘာလကုန်အထိအပြီး ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)