စလင်း၊ ဇွန် ၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း များကို မေလ ၂၄ ရက်နေ့ မှ၃၁ရက်နေ့အထိ စတင်ကျောင်းအပ်လက်ခံခဲ့ကာ ယနေ့ နံနက် ၇ နာရီ ခွဲအချိန်မှ စတင်ကာ အခြေခံပညာ ကျောင်းများတွင် ကျောင်းသားကျောင်း သူကလေးများ ပျော်ရွှင်စွာတက်ရောက်ကြသည်။
စလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် မြို့နယ် ကျေးရွာ များရှိ ကျောင်းအုပ် ဆရာကြီး/ဆရာမကြီးများနှင့် အတန်းပြဆရာ၊ဆရာမများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ ကျောင်းသန့်ရှင်းရေးများ ပြုလုပ်ခဲ့ကြပြီး ကျောင်းများဖွင့်လှစ်ရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြပြီး လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် မနက်ပိုင်း၊ ညနေပိုင်း အတန်းများခွဲ၍ သင်ကြားပို့ချသွားမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ ကျောင်းနေသူ၊ ကျောင်းတတ်သူအားလုံးကို Maskများ၊ မျက်နှာကာ Face shield များကို အခမဲ့ဖြန့်ဝေခဲ့ပြီး လိုအပ်သောကျောင်းသုံးဖတ်စာစာအုပ်များ၊ ဗလာစာအုပ်၊ ဘော့ပင်၊ ခဲတံစသည့် စာရေး ကိရိယာများကို ကျောင်းအပ်သည့်နေ့မှစ၍ အခမဲ့ထုတ်ပေးခဲ့ပြီး မေလ၃၁ရက် နေ့အထိ မြို့နယ်အတွင်း ကျောင်းအပ် သူပေါင်း ၁၁၈၃၉ဦးရေရှိပြီး ၂၉ ရာခိုင်နှုန်းရှိကြောင်း၊ ကျောင်းသားကျောင်းသူများ ကျောင်းဆင်း ကျောင်းတက် လုံခြုံရေးများအတွက် အဝင်အထွက် ကျောင်းဂိတ်များထားရှိကာ စစ်ဆေးခြင်းများပြုလုပ်၍ ကျောင်းအုပ်ကြီးများ ကိုယ်တိုင် ကြီးကြပ်ဆောင်ရွက်လျှက်ရှိပြီး ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းပညာ သင်ကြားနိုင်ရန်အတွက် ကျောင်းအပ်များဆက်လက်လက်ခံသွားမည်ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှသိရှိရသည်။
မောင်လွင်(စလင်း)