ရန်ကုန် ဇွန် ၁
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့နှင့် ဌာနဆိုင်ရာများ တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်က အဖွင့်အမှာစကား ပြောကြားရာတွင် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ အားလုံး ဆောင်ရွက်ရမည့် လုပ်ငန်း ရပ်များနှင့် ပတ်သက်၍ အရှိန်အဟုန် မပြတ်ဆက် လက်ဆောင်ရွက်ကြရန်၊ ပြည်သူက အားကိုးယုံကြည်ရသော နိုင်ငံဝန်ထမ်းများ ဖြစ်သည်နှင့်အညီ ပြည်သူများအတွက် ဝန်ဆောင်မှုလုပ်ငန်းများအား ကြိုပမ်းဆောင်ရွက်သွားကြရန်၊ လိုချင်သည့် ရည်မှန်းချက်ကို ရောက်ရှိရန်အတွက် ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်း၊ ကျောင်းဖွင့်ချိန်ရောက်ပြီဖြစ်သဖြင့် ကလေးများ လုံခြုံစိတ်ချစွာ ပညာသင်ကြားနိုင်ရေးအတွက် တာဝန်ရှိသူများမှ ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန်၊ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှု များပြားလာသည့်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသော စည်းကမ်းများအား လိုက်နာဆောင်ရွက်ရန် စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ ဦးစီးမှူး ဦးသန့်ဇင်က မြို့နယ်အတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများသို့ ဖြန့်ဝေထားသော ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်မည့် အချက်အလက်များအား ပြည့်စုံ စွာရရှိရေး စာရင်းပြုစုထားရန်နှင့် စီမံချက်ပါ အချက်အလက်များကို ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ညွန့်မှ မြို့နယ်အတွင်း ပြည်သူများ၏ လုံခြုံရေးကို မိမိတို့ တပ်ဖွဲ့ဝင်များမှ ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ Facebook မှ သတင်းများသည် မှန်ကန်မှု မရှိသဖြင့် မယုံကြည်စေချင်ကြောင်း တို့ကို ပြောကြားခဲ့သည်။
ဆက်လက်၍ သက်ဆိုင်ရာ ဌာနများအလိုက် အသီးသီးဆွေးနွေးကြပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မြင့်မြင့်ရီ(ဒဂုံမြောက်)၊