မိုင်းပျဉ်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ပညာသင်နှစ် အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်

မိုင်းပျဉ်း ဇွန် ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက်နေ့တွင် ကျောင်းများစတင်ဖွင့်လှစ်ရာ မိုင်းပျဉ်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား/သူများသည် ယနေ့နံနက် ၈နာရီမှစတင်၍ မိမိတို့အပ်နှံထားသော ကျောင်းများသို့ တက်ရောက် ပညာသင်ကြားနေကြကြောင်း သိရသည်။

ကျောင်းသား/သူများအား ကျောင်းသို့လာရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များအတိုင်း ဆရာ/မများက ကျောင်းဝင်ပေါက်တွင်  ကိုယ်အပူရှိန်တိုင်းတာပေးခြင်း၊ နှာခေါင်းစည်း (Mask)နှင့်    Faceshield များ စနစ်တကျတပ်ဆင်စေခြင်း၊ လက်ဆေးစေခြင်း များပြုလုပ်စေပြီးနောက် ကျောင်းထဲသို့စနစ်တကျတန်းစီပြီး အတန်းလိုက်ဝင်ရောက်စေခြင်း၊ စာသင်ခန်းတွင်း၌ လည်းတစ်ဦးနှင့်တစ်ဦး သတ်မှတ်အကွာအဝေးဖြင့် နေထိုင်စေခြင်းတို့ဆောင်ရွက် ပေးလျှက်ရှိကာ  မိုင်းပျဉ်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေကြသော ကျောင်းသား/သူဦးရေမှာ မူလတန်းအဆင့်တွင် ၂၃၈၇ ဦး၊ အလယ်တန်းအဆင့်တွင် ၈၃၄ ဦးနှင့် အထက်တန်းအဆင့်တွင် ၁၂၈ ဦး၊ စုစုပေါင်း ၃၃၄၉ ဦး တက်ရောက်နေကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မိုင်းပျဉ်းမြို့ပေါ်ရပ်ကွက်ရှိ စာသင်ကျောင်းများသို့ မြို့နယ်စီမံခန့်ခွဲမှု ဥက္ကဋ္ဌ ဦးမြင့်ဝင်းနှင့် အဖွဲ့ဝင်များ၊ မိုင်းပျဉ်းတပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး စောဝင်းနိုင်နှင့် တာဝန်ရှိသူများက ကျောင်းသား /သူများ အေးချမ်းစွာပညာသင်ယူနိုင်ရေးအတွက် သွားရောက်လေ့လာကြည့်ရှုကာ ဆရာ/မများနှင့် ကျောင်းသား/သူများအား လိုအပ်သည်များ မှာကြားခဲ့ကြကြောင်း သိရသည်။

မေမွန်ထွဋ် (ပြန်/ဆက်)