ပြင်ဦးလွင်၊ ဇွန် ၁
ပညာရေးဝန်ကြီးဌာန ၊ ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးတိုင်းသင်ယူမှုအခွင့်အရေးများရရှိပြီး ကျောင်း နေနှုန်းမြင့်မား လာစေရေး ၊ ကျောင်းနေသည့်ကလေးတိုင်း အရည်အသွေးရှိသော အခြေခံပညာသင်ယူခွင့် ရရှိရေးနှင့် ကျောင်း နေမြဲရေး တို့ကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်၍ ဇွန်လ (၁) ရက်နေ့မှ စတင်ပြီး ပညာရေး ဝန်ကြီးဌာန ၊ အခြေခံပညာဦးစီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်လျက်ရှိသည် ။
အဆိုပါ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ရာတွင် တာဝန်ရှိသူများ ၊ ဆရာ ၊ ဆရာများ နှင့်ကျောင်းသား ၊ ကျောင်းသူ များက ကျန်းမာရေးညွှန်ကြား ချက်များနှင့်အညီ ပါးစပ်နှင့် နှာခေါင်းစည်း ( Mask ) ၊မျက်နှာအကာ ( Face Shield ) များ စနစ် တကျ တပ်ဆင်ရန် ၊ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေး ၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး ၊ ကျောင်းထွက်သူ လုံးဝမရှိစေရေးနှင့် အဆင့်ဆင့် ပညာသင်ယူနိုင်ရေး ၊ ပညာသင်ကာလအတွင်း စစ်ဆေးအကဲဖြတ်ခြင်းအား ညွှန်ကြားချက်အတိုင်းစစ်ဆေးရန်၊ ကျောင်းသား၊ ကျောင်းသူများ နှင့် မိဘများ ပူးပေါင်းဆောင်ရွက် တက်ရေး ၊ ကျောင်းတက်မှန်ရေး နှင့် အိမ်စာများကို နေ့စဉ်လုပ်ဆောင်ရေး စသည့် စည်းကမ်းချက်များအား လိုက်နာရန်ကြိုတင် အသိပေး ဆောင်ရွက်လျက်ရှိသည်။
ပြင်ဦးလွင်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း ( ၂၆ ) ကျောင်း၊ အလယ်တန်းကျောင်း( ၂၇ )ကျောင်း ၊ မူလတန်းကျောင်း ( ၉၈ ) ကျောင်း ၊စုစုပေါင်း ကျောင်း( ၁၅၁ ) ကျောင်း ရှိ၍ မေလ၂၄ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံပြီးကျောင်းသား ၊ ကျောင်းသူ ( ၁၆၃၀၃ ) ရှိပြီး ကျောင်းသား ၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး အတွက် ကျောင်းတွင်း ၊ ကျောင်းပြင် သန့်ရှင်းသာယာလှပရေးနှင့် လုံခြုံရေးစသည့် စည်းကမ်းချက်များ အား ကြိုင်တင်ပြင်ဆင် ဆောင်ရွက်လျက်ရှိပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။