ကျောက်မဲမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

 

ကျောက်မဲ  ဇွန်      ၁

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာ ကျောင်းများကို ယ‌နေ့ ဇွန်လ ၁ ရက်နေ့ နံနက်မှစတင်၍  ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

 

ကျောက်မဲမြို့နယ်အတွင်း၌  အခြေခံပညာကျောင်းပေါင်း ၂၃၁ ကျောင်းရှိကာ မေလ ၂၄ ရက်မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ်သတ်မှတ်ကာ ကျောင်းအပ်နှံရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး ယနေ့မှစ၍ ကျောင်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌ရေး လမ်းညွှန်ချက် များနှင့်အညီဖွင့်လှစ်သင်ကြားလျက်ရှိသည်။

 

ကျောက်မဲမြို့နယ်အတွင်းတွင် စာရင်းအရကျောင်းသား/သူပေါင်း ၂၇၀၀၀ ဦးကျော်ရှိသည့် အနက်  ယနေ့အထိ  ကျောင်းအပ်သည့် ကျောင်းသား/သူ ပေါင်း ၃၀၉၃ ဦးရှိပြီး  ကျောင်းအပ်ရာခိုင်နှုန်းမှာ  ၁၁.၁၂ ရာခိုင်နှုန်းရှိကြောင်းမြို့နယ်ပညာ‌ရေးမှူးရုံးမှ သိရသည်။

 

အဆိုပါ ဖွင့်လှစ်လျက်ရှိသည့် ကျောင်းများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးညွှန့်ရွှေနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ်ကူညီဆောင်ရွက် ပေးခဲ့သည်။

 

ကျောင်းတက်ချိန်၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက်  လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သက်ဆိုင်ရာကျောင်းအလိုက် ကျောင်းကော်မတီများနှင့် ကျောင်းလုံခြုံရေးအဖွဲ့များ ပူးပေါင်း၍ ကျောင်းဝန်းကျင် လုံခြုံရေးကို ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

မိုင်းထွန်း(ပြန်/ဆက်)