မတ္တရာမြို့နယ်၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

မတ္တရာ ဇွန် ၁

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ အားလုံးကို နိုင်ငံအဝန်း၌ ဇွန်လ ၁ ရက်နေ့မှ စတင်၍ ဖွင့်လှစ်လျက်ရှိပြီး မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်ရှိ အခြေခံပညာ ကျောင်းများကိုလည်း ယနေ့ နံနက်ပိုင်းမှစတင်၍ ဖွင့်လှစ်သင်ကြား ပေးနေပြီဖြစ်ကြောင်း သိရသည်။

ထို့သို့ အခြေခံပညာ ကျောင်းများ ဖွင့်လှစ်သင်ကြားပေးနေမှု အခြေအနေများကို  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့် အဖွဲ့ဝင်များမှ လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြပြီး အခြေခံပညာ ကျောင်းများရှိ ကျောင်းအကျိုးတော်ဆောင်များ၊ မိဘပြည်သူများနှင့် လုံခြုံရေးအဖွဲ့များမှ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

မတ္တရာမြို့နယ်တွင် အခြေခံပညာ အထက်တန်းကျောင်း(၁၄)ကျောင်း၊ အခြေခံပညာ အထက်တန်း ကျောင်း(ခွဲ)(၂၆)ကျောင်း၊ အလယ်တန်း ကျောင်း(၁၇)ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ)(၃၆)ကျောင်း၊ မူလတန်း(လွန်)ကျောင်း (၄၂)ကျောင်း၊ မူလတန်းကျောင်း(၆၂)ကျောင်း၊ မူလတန်း(ခွဲ) ကျောင်း (၄)ကျောင်း စုစုပေါင်း အခြေခံပညာ ကျောင်းပေါင်း(၂၀၁)ကျောင်း ရှိကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)