သံတွဲမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများအား ပြန်လည်ဖွင့်လှစ်

သံတွဲ ဇွန် ၁

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင်  ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး  စည်းကမ်းချက်များနှင့်အညီ ယနေ့ နံနက် ၉ နာရီမှစတင်၍ ပုံမှန် အတိုင်းပြန်လည်ဖွင့်လှစ် ပညာသင်ကြားလျက်ရှိသည်။

ထိုသို့ ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် ကျောင်းသား/ကျောင်းသူများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များနှင့် ကျောင်းကော်မတီအဖွဲ့များက  လုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးမောင်သာစိန်နှင့် တာဝန်ရှိသူ များက ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုတို့ကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

သံတွဲမြို့နယ်တွင်   အခြေခံပညာ   အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း စုစုပေါင်း ၁၉၉ ကျောင်းနှင့် ဗကကျောင်း(၁)ကျောင်း စုစုပေါင်း ၂၀၀ ကျောင်းတွင် ဇွန်လ ၁ ရက်နေ့ ကျောင်းသား/ကျောင်းသူများ နေ့စဉ်ကျောင်းတက်ရောက်မှုမှာ ၁၅၈၀၅ ဦး တက်ရောက်ကာ ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။