မြိုင်ကြီးငူအထူးဒေသရှိ နေရပ်စွန့်ခွာ ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများ နှင့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်

 

ဘားအံ ဇွန် ၁

 

ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးစောမြင့်ဦးနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် မေလ ၃၀ ရက်နေ့ နံနက်ပိုင်းက မြိုင်ကြီးငူအထူးဒေသရှိ ပြည်တွင်းနေရပ်စွန့်ခွာ အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများနှင့် စားနပ်ရိက္ခာများ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် မြိုင်ကြီးငူနန်းဦးဘေးမဲ့ကျောင်းတိုက် ဦးစီး ပဓာန နာယကဆရာတော် ဘဒ္ဒန္တဉာဏိကအား ဥယျာဉ်ခြံကျောင်း၌ သွားရောက်ဖူးမျှော်ကြည်ညို၍ လှူဖွယ် ဝတ္ထုပစ္စည်းများ၊ နဝကမ္မအလှူငွေများနှင့် ဆန်အိတ်များဆက်ကပ်လှူဒါန်းခဲ့ကြပြီး သာသနာရေးဆိုင်ရာများနှင့် နေရပ်စွန့်ခွာပြည်သူများအား ပြန်လည်နေရာချထားပေးနိုင်ရေး၊  ကလေးများအား ပညာသင်ကြားပေးနိုင်ရေး နှင့် ကျန်းမာရေး၊ လူမှုရေးကိစ္စ အဝဝတို့ကို လျှောက်ထားတင်ပြဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် မြိုင်ကြီးငူ (အေးလင်းမြတ်ရှင်) ကျောက်စာကွင်း ယာယီခိုလှုံရာစခန်းကိုပိတ်သိမ်းပြီး ပြန်လည်နေရာ ချထားပေးမည့် ပြည်တွင်းနေရပ်စွန့်ခွာအိမ်ထောင်စုများအတွက် ထောက်ပံ့ပစ္စည်းများ သွားရောက်ပေးအပ်ရာ  ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး ကရင်ပြည်နယ် နယ်ခြားစောင့်တပ် ဗဟိုကွပ်ကဲရေးနှင့်အကြံပေးအဖွဲ့ ဥက္ကဋ္ဌဗိုလ်မှူးစောကြီးထွန်းလှိုင်၊ အမှတ်(၁၀၂၂) နယ်ခြားစောင့်တပ် တပ်မှူးဗိုလ်မှူးမုတ်သုန် တို့က ဆန်အိတ်များ ထောက်ပံ့ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားကာ  ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နယ်ခြားစောင့်တပ်မှ တာဝန်ရှိသူများ က အိမ်ထောင်စု(၄၆၃)စုအတွက် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့သော ပစ္စည်း(၁၈)မျိုးပါ အမျိုးသမီးအသုံး အဆောင်ပစ္စည်း Dignity Kit များ၊ ပစ္စည်း(၁၇)မျိုးပါ ကလေးအသုံးအဆောင်ပစ္စည်း Chid Kit  များ၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှုထောက်ပံ့သော ပစ္စည်း(၁၇)မျိုးပါ ကယ်ဆယ်ရေးပစ္စည်းများ၊ တာပေါ်လင်စများကို         လည်ကောင်း၊ နယ်ခြားစောင့်တပ်မှ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်တစ်သောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် လေးဆယ်ခြောက်သိန်းသုံးသောင်းကိုလည်းကောင်း  ထောက်ပံ့ပေးအပ်ခဲ့သည်။

 

အလားတူ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နယ်ခြားစောင့်တပ်မှတာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဖါပွန်ခရိုင်၊ ကမမောင်းမြို့ရှိကျေးရွာအချို့နှင့် မဲဝိုင်ဒေသတို့တွင် နယ်မြေ တည်ငြိမ် အေးချမ်းမှုမရှိသည့်အတွက် မြိုင်ကြီးငူဒေသသို့ ခေတ္တ တိမ်းရှောင်ရောက်ရှိလာသော နေရပ်စွန့်ခွာ ပြည်သူများ အိမ်ထောင်စု ၆၄၅ စုအား  မြတ်ပန်းဝတ်မှုံခန်းမဆောင်၌ စားနပ်ရိက္ခာပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပြီး စုစုပေါင်း ဆန်အိတ် ၇၀၀ အိတ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် အင်းနို့သိပ္ပံကျေးရွာအုပ်စု၊ ဓမ္မညီနောင်မဟာစေတီဆုတောင်းပြည့်ကျောင်း ဆရာတော်ဘဒ္ဒန္တဥူးဉာဏိက အား ဖူးမျှော် ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ၊ နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ကမ်းနီပရိယတ် ပဋိပတ်ကျောင်းဆရာတော် ဘဒ္ဒန္တဝိစာရ(မဟာသဒ္ဒမ္မဇောတိကဓဇ)အား သွားရောက်ဖူးမြှော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ၊ နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)