မိုးနဲ ဇွန် ၂
ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်၌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ် ကမ္ဘောဇခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေး မထိုးမီ သွေးတိုး၊ ဆီးချိုနှင့်အခြားရောဂါလက္ခဏာများ ရှိ/မရှိနှင့် လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ပေးကာ ကာကွယ်ဆေးထိုးနှံပြီးပါက မိနစ် ၃၀ ခန့် စောင့်ကြည့်ပေးခြင်းနှင့် ကာကွယ်ဆေးထိုးပြီးသော်လည်း mask တပ်ခြင်း၊ လက်ဆေးခြင်း၊ လူစုလူဝေးရှောင်ရှားခြင်းကို ဆက်လက်ကာကွယ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပညာပေး မှာကြားခဲ့သည်။
အဆိုပါကာကွယ်ဆေးထိုးနှံခြင်းကို မတ်လ (၉) ရက်နေ့တွင် စတင် ထို့နှံပေးခဲ့ပြီး ယနေ့ထိ မြို့နယ်အတွင်းရှိဝန်ထမ်းများ၊ အသက်(၆၅)နှစ်အထက်၊ အသက်(၁၈) နှစ်မှ(၆၅) နှစ်အတွင်းပြည်သူများ၊ မြို့နယ်ပရဟိတအသင်းများ စုစုပေါင်း (၁၃၄၇) ဦးကို ကာကွယ်ဆေး ပထမအကြိမ်နှင့်ဒုတိယအကြိမ် ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)