ဇီးကုန်း ဇွန် ၂ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ရေးအတွက် နေအိမ်ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာရေးအတွက် ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် ယနေ့နံနက် ၈ နာရီက ရန်ကုန်-ပြည် ကားလမ်း မီးပွိုင့် လမ်းဆုံ၌ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ အဆိုပါနှာခေါင်းစည်းများ ဖြန့်ဝေပေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာနနှင့် ပြန်/ဆက်ဦးစီးဌာနတို့ပူးပေါင်း၍ ပြည်သူများ နေအိမ်ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာရေး လူထုလှုပ်ရှားမှုအသွင်ဖြင့် နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိသူများကို အပြင်ထွက်တိုင်း နှာခေါင်းစည်း တပ်ဆင်သွားလာရန်၊ ကျန်းမားရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ နေထိုင်သွားလာရန်တို့ကို အသိပညာပေး ဟောပြောခဲ့ပြီး၊ နှာခေါင်းစည်း(၃၀၀)ခုကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်းနှင့် ထိုသို့ဆောင်ရွက်ခြင်းကို လူစည်ကားရာနေရာများ ဈေးပတ်ဝန်းကျင်နေရာများတွင် တစ်ပတ်လျင် နှစ်ကြိမ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ တင့်ဆွေ(ပြန်ဆက်)