တောင်ငူ ဇွန် ၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲကို သာသနာ့ဟိတကာရီဗိမာန်တော်ကြီးတွင် ကျင်းပလျက်ရှိကြောင်း ခရိုင်သာသနာရေးဦးစီးဌာနမှ သိရသည်။
တောင်ငူမြို့နယ်အတွင်း ဓမ္မာစရိယစာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းတိုက်များမှ ရဟန်း သာမဏေ၊ သီလရှင်များ စုစုပေါင်း (၄၄၅)ပါးနှင့် ပါဠိပထမပြန်စာမေးပွဲ ဝင်ရောက်ဖြေဆိုသည့် ရဟန်း၊ သာမဏေ၊ သီလရှင်များ စုစုပေါင်း (၂၇၂) ပါးတို့အား ဇွန်လ ၁ ရက်နေ့မှ ဇွန်လ ၁၄ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ စီစဉ်ပြုလုပ်ပေးလျက်ရှိကြောင်း၊ ကျောင်းတိုက်အသီးသီးမှ ဆရာတော်ကြီးများမှ ကြီးကြပ်လျက်ရှိပြီး ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်သာသနာ့ရေးဦးစီးဌာနတို့မှ စာဖြေသံဃာတော်များ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေး အတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲ (ကြီး ၊ လတ်၊ ငယ်၊ မူ) ဖြေဆိုခြင်းဖြင့် သာသနာတော်သုံးရပ်၏ အခြေခံမူလဘူတဖြစ်သော ပရိယတ္တိသာသနာတော်မြတ် သန့်ရှင်းတည်တံ့ ပြန့်ပွားထွန်းကားရေးကို ရှေးရှု၍ ဗုဒ္ဓသာသနာတော်ကြီး အဓွန့်ရှည်တည်တံ့ကာ နေလို၊ လလို ထွန်းလင်းတောက်ပနေစေရန်အတွက် ဆရာတော်၊ သံဃာတော်များ၊ သီလရှင်များအား သာသနာရေးဆိုင်ရာ ဘွဲ့ထူးဂုဏ်ထူး ချီးမြှင့်ဆက်ကပ်နိုင်ရန် ရည်ရွယ်ကာ ကျင်းပပြု လုပ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်