ကော့သောင်း ဇွန် ၂ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်တွင် မြို့နေပြည်သူများအား ဒုတိယအကြိမ်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယနေ့ နံနက်(၉)နာရီ က ကော့သောင်းမြို့၊ မဉ္ဇူသကပြည်သူ့ခန်းမ၌ စတင်ထိုးနှံပေးလျှက်ရှိကြောင်းသိရသည်။ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ် ကြီးကြပ်မှုဖြင့် ကော့သောင်းမြို့၊ ပြည်သူ့ကျန်းမာရေးဌာန ကျန်းမာရေးဝန်ထမ်းများက COVISHIELD ကာကွယ်ဆေးကို ပထမအကြိမ်ထိုးနှံအပြီး ရက်သတ္တပတ် လေးပတ် (၂၈) ရက် ခြားကာ ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးခြင်းဖြစ်သည်။ ကော့သောင်းမြို့အနေဖြင့် ၂၀၂၁ခုနှစ်၊ ဖေဖေါ်ဝါရီလမတိုင်မီအချိန်က ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိရသည့်လူနာ(၄၇)ဦးရှိခဲ့ကြောင်း၊ အားလုံးမှာ ကော့သောင်းဒေခံများ မဟုတ်ကြကြောင်း၊ ပိုးတွေ့လူနာများအားလုံး သက်သာပျောက်ကင်းခဲ့ကြကြောင်း၊အခုတဖန် ယခုနှစ် ဇွန်လအတွင်း ရောဂါပိုးထပ်မံတွေ့ရှိသူ ဒေသခံ ၁၆ဦးရှိကြောင်း၊ ခရိုင်ဆေးရုံကြီးမှာ ကုသမှုခံယူပြီး (၂)ဦးမှာ ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိပြီး ကျန်(၁၄)ဦးမှာ ဆက်လက်ကုသမှုခံယူလျှက် ရှိကြောင်း၊ သေဆုံးမှုဖြစ်စဉ်မရှိပါကြောင်း၊ သို့သော်ပေါ့ဆရန်မဖြစ်ကြောင်း၊ အခုလို ကာကွယ်ဆေး ထိုးနှံပေးသည့်အချိန်မှာ မြို့နေပြည်သူများ လာရောက်ထိုးနှံဖို့ တိုက်တွန်းလို ကြောင်း ကော့သောင်းခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာလင်းထိုက်က ပြောသည်။ ကော့သောင်းမြို့နယ်အနေဖြင့် ပထမအသုတ်ရောက်ရှိလာသည့် ကာကွယ်ဆေးဖြင့် ပြည်သူ(၅၄၂၅)ဦးအားပထမအကြိမ်ထိုးနှံပေးခဲ့ပြီးဖြစ်ရာ ယခုထိုးနှံသည့်ရက် မတိုင်မီအထိ ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးပြီးသည့်ဦးရေမှာ (၄၉၀၀)ဦးရှိပြီဖြစ်ကြောင်း၊ ဒုတိယအသုတ် ထပ်မံရောက်ရှိလာမည့် ကာကွယ်ဆေးဖြင့် ကျန်ရှိသည့် မြို့နေပြည်သူများအား ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ကျော်စိုး (ကော့သောင်း)