မြောက်ဥက္ကလာပမြို့နယ်တွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း များ ဆောင်ရွက်

မြောက်ဥက္ကလာပ ဇွန် ၂ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယနေ့ နံနက် (၈)နာရီခွဲအချိန်က ရပ်ကွက်များမှ ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေးများထိုးနှံ၊ တိုက်ကျွေးပေးခြင်းကို မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာဥမ္မာစိန်ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးပေးရာတွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များအား အသက်အရွယ်အလိုက် ဘီစီဂျီ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါဘီ၊ ဦးနှောက်အမှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန် အဆုတ်ရောင် (ပီစီဗွီ)၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ(ရိုတာကာကွယ်ဆေး)၊ ဝက်သက်ဂျိုက်သိုးရောဂါ ကာကွယ်ဆေး (၉)မျိုးကို ထိုးနှံပေးပြီး၊ ပိုလီယိုအကြောသေရောဂါ ကာကွယ်ဆေးကိုလည်း တိုက်ကျွေးခဲ့ကြသည်။ ထို့အပြင် ရွှေပေါက်ကံမြို့သစ် ကျန်းမာရေးဌာနခွဲတွင်လည်း ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေး ပေးလျက်ရှိပြီး ဇွန်လ(၁၈)ရက်နေ့အထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေဦးစီးဌာနမှ သိရပါသည်။ မြမြဝင်း