ရန်ကုန် ဇွန် ၂
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၌ အခြေခံပညာကျောင်းများအား ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၌ ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့် ရရှိစေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ အားလုံးကို ယမန်နေ့နံနက်ပိုင်းမှ စတင်ကာ ဖွင့်လှစ်လျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ သက်ဆိုင်ရာ ကျောင်းအသီးသီးတွင် လာရောက် ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မင်္ဂလာဒုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့် အညီ စီစဉ်ဆောင်ရွက်ထားရှိပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းအဝင်နှင့် စာသင်ခန်းအဝင်တို့တွင် လက်ဆေးဘေစင်များ ထားရှိခြင်း၊ တစ်ဦးနှင့်တစ်ဦး လေးပေအကွာ ဖြင့် ပညာသင်ယူစေခြင်းတို့ကို သက်ဆိုင်ရာကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများက စီစဉ်ထားရှိ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်အတွင်း၌ အထက်တန်း ကျောင်းနှင့်အထက်တန်းကျောင်းခွဲ (၁၂) ကျောင်း၊ အလယ်တန်းကျောင်းနှင့် အလယ်တန်းကျောင်းခွဲ (၁၃)ကျောင်း၊ မူလတန်းကျောင်းနှင့် မူလွန်ကျောင်း (၂၇)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၂၂)ကျောင်း စုစုပေါင်း (၇၄)ကျောင်းတို့တွင် ကျောင်းအသီးသီးရှိ တာဝန်ကျကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများကို ပညာသင်ကြားပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူ များ ဘေးကင်းလုံခြုံစွာ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးကောင်စီ၊ မြို့နယ် အခြေခံပညာ ဦးစီးဌာန နှင့်တာဝန်ရှိသူများက ကျောင်းတွင်း/ကျောင်းပြင် ပတ်ဝန်းကျင် လုံခြုံမှု ရှိစေရေး တို့ကို ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စန္ဒာမိုး(ပြန်/ဆက်)